ကချင်ဒုက္ခသည် ပြန်လည်နေရာချထားရေး ဂျပန်ထောက်ပံ့မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ Trinity Baptist ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ကလေးငယ်များ။ မေလ ၆ ၂၀၁၈။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေကနေ အိုးအိမ် စွန့်ခွာသွားရသူတွေ အိမ်ပြန် နိုင်ရေးအတွက် အကူအညီပေးမယ့် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ရှိကြောင်း ဂျပန်အစိုးရက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှာ စတင်မယ့် ဒီ စီမံကိန်းအရ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Nippon Foundation နဲ့အတူ ဂျပန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တို့အကြားက တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာရသူ ၃၀၀၀ ကို အမေရိကန် ဒေါ်လာ ၅ သန်း ကုန်ကျခံပြီး ကူညီမှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းအရ အိမ် အလုံးပေါင်း ၅၀၀နဲ့ ရေအိမ်တွေအပြင် လယ်သမားတွေ ဝင်ငွေတိုးစေဖို့ စိုက်ပျိုးရေးသင်တန်းတွေလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အကြား တရားဝင် အပစ်အခတ်ရပ်စဲထား ခြင်း မရှိတာကြောင့် ဒီစီမံကိန်းရဲ့ ကနဦး လုပ်ငန်းတွေကို မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ စတင်မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဆယ်စုနှစ်ချီပြီး ကြာမြင့်နေခဲ့တာပါ။ ဒီအစီအစဉ်နဲ့ နီးစပ်သူတစ်ဦးကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေ ရလာတာနဲ့အမျှ ဒီ စီမံကိန်းကို ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ထိန်းချုပ်ရာ နေရာတွေမှာ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ဂျပန်နိုင်ငံထုတ် Nikkei Asian Review သတင်းဌာနကို ပြောပါတယ်။

ကချင်ပြည်နယ်ဟာ ပြည်နယ်ထွက်ကုန်တွေနဲ့ တွင်းထွက်ပစ္စည်းတွေကို ဆယ်စုနှစ်ချီပြီး တရုတ်နိုင်ငံကို တင်ပို့နေတာကြောင့် စီးပွားရေးအရ တရုတ်နိုင်ငံ အပေါ် မှီခို အားထားနေရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ KIA တပ်ဖွဲ့ကလည်း တရုတ်နိုင်ငံဆီကနေ လက်နက်တွေ ဝယ်ယူရရှိနေတယ်လို့ လည်းဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လူနည်းစုတွေအကြား ကြားဝင် ဆောင်ရွက်နေခဲ့တာပါ။ ဒီ အချက်တွေကြောင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းဟာ တရုတ်နိုင်ငံ အခိုင်အမာ သြဇာလွှမ်းမိုးနေတာ ဖြစ်ပါတယ်။

ဂျပန်အစိုးရနဲ့အတူ လက်တွဲ လုပ်ဆောင်မယ့် Nippon Foundation ဥက္ကဌ Yohei Sasakawa ဟာလည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံအတွင်း အမျိုးမျိုးသော အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ကူညီရင်း သံတမန်ရေးအရ အားသာမှုရအောင် ကြိုးစားနေကြရာမှာ အခုအခါ မြန်မာနိုင်ငံအတွင်း အကဲဆတ်တဲ့ ပြည်တွင်း တိုင်းရင်းသားရေးရာ ပဋိပက္ခဆိုင်ရာ ကိစ္စတွေမှာပါ ယှဉ်ပြိုင် ကြိုးစားလာ နေကြပြီလို့ Nikkei Asia Review က သုံးသပ်ထားပါတယ်။

Your browser doesn’t support HTML5

ကချင်ဒုက္ခသည် ပြန်လည်နေရာချထားရေး ဂျပန်ထောက်ပံ့မည်

(Unicode)






