ဂျပန်နျူကလီးယားစက်ရုံမှာ ရေဒီယို သတ္တိကြွနှုန်းမြင့်

ဂျပန်နျူကလီးယားစက်ရုံမှာ ရေဒီယို သတ္တိကြွနှုန်းမြင့်

ဂျပန်မှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေးစက်ရုံထဲက ဓါတ်ပေါင်းဖိုတွေရှိရာ အဆောက်အဦးတွေထဲမှာ ဓါတ်ရောင်ခြည်ပမာဏဟာ အတော်လေး အန္တရာယ်ရှိနေတဲ့အတွက် လူတွေ ဓါတ်ပေါင်းဖိုထဲဝင်ပြီး အချိန်ယူပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ ဂျပန် နျူကလီးယားဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓါတ်ပေါင်းဖိုအမှတ် (၁) နဲ့ (၃) ရှိရာ အဆောက်အဦးတွေထဲကို စက်ရုပ်လွှတ်ပြီး တနင်္ဂနွေနေ့က တိုင်းတာ ခဲ့တာမှာ အလုပ်သမားတယောက်အနေနဲ့ ၄ နာရီခွဲအတွင်းမှာကို လူတယောက်လက်ခံသင့်တဲ့ အမြင့်ဆုံး ဓါတ်ရောင်ခြည်ပမာဏ သင့်နိုင်တာကို တိုင်းတာတွေ့ခဲ့ကြပါတယ်။ ဒီတိုင်းတာမှု ထွက်ပေါ်လာပြီးနောက် တာဝန်ရှိသူတွေက ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်းတာရရှိတဲ့ ဓါတ်ရောင်ခြည် ကိန်းဂဏန်းတွေကို လေ့လာပြီး စက်ရုံထဲမှာ ဘယ်လို ပြင်ဆင်မှုတွေလုပ်မလဲ ဆိုတာကို ဆုံးဖြတ်မယ်လို့ စက်ရုံပိုင် တိုကျို အီလက်ထရောနစ် (Tokyo Electric) ဓါတ်အားပေး ကုမ္ပဏီက ပြောပါတယ်။ ၆ လ ကနေ ၉ လအတွင်း စက်ရုံထဲက ဓါတ်ပေါင်းဖို ၆ ခုလုံးကို အန္တရာယ်ကင်းကင်းနဲ့ ပိတ်နိုင်အောင်ကြိုးစားမယ့် သူတို့ရဲ့ ရည်မှန်းချက်ကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူးလို့ ကုမ္ပဏီကပြောပါတယ်။

ဓါတ်ပေါင်းဖိုတွေ ပိတ်နိုင်ဖို့အရေးကို အစိုးရကလဲ အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ဝန်ကြီးချုပ် နာအိုတိုခန်က ဒီကနေ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကပေးတဲ့ စက်ရုပ် ၂ ရုပ်ကို အဝေးထိန်းခလုပ်နဲ့ တနင်္ဂနွေနေ့က စက်ရုံထဲကို လွှတ်ပြီး စက်ရုံထဲကအပူချိန်၊ ဓါတ်ရောင်ခြည်ပမာဏနဲ့ အောက်စီဂျင် ပမာဏတွေကို တိုင်းတာခဲ့တာဖြစ်ပါတယ်။