ဂျပန် ဖူကူရှီးမားနူကလီယား အကြံပေး နုတ်ထွက်

ဂျပန် ဖူကူရှီးမားနူကလီယား အကြံပေး နုတ်ထွက်

ဆူနာမီဘေးသင့် ဂျပန် ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေးစက်ရုံ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်ယိုစိမ့်မှုနဲ့ ပတ်သက်တဲ့ အဓိကအကြံပေးပုဂ္ဂိုလ်က အစိုးရကိုင်တွယ်ပုံကို ကန့်ကွက်တဲ့ အနေနဲ့ နုတ်ထွက်လိုက်

ဆူနာမီဘေးသင့် ဂျပန် ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေးစက်ရုံ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်ယိုစိမ့်မှုနဲ့ ပတ်သက်တဲ့ အဓိကအကြံပေးပုဂ္ဂိုလ်က အစိုးရကိုင်တွယ်ပုံကို ကန့်ကွက်တဲ့ အနေနဲ့ နုတ်ထွက်လိုက်ပါတယ်။

တိုကျိုတက္ကသိုလ် ဓါတ်ရောင်ခြည် လုံခြုံမှုဆိုင်ရာ ကျွမ်းကျင်သူ တိုရှီစို ကိုဆာကို (Toshiso Kosako) က ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံ ဝန်းကျင်ရှိ စာသင်ကျောင်းတွေမှာ ဓါတ်ရောင်ခြည်ပျံ့လွှင့်မှု သတ်မှတ်ချက်စံချိန်ဟာ သိပ်မြင့်လွန်းနေကြောင်း၊ နျူကလီးယား ပညာရှင်တယောက်အနေနဲ့ ဒါကိုခွင့်မပြုနိုင်ကြောင်း သောကြာနေ့ညက သတင်းစာရှင်းလင်းပွဲမှာ ဝမ်းနည်းစွာနဲ့ ပြောဆိုလိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့ ငလျင်နဲ့ ဆူနာမီဒဏ် သင့်ခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် နာအိုတိုးခန်က မစ္စတာ ကိုဆာကို ကိုအကြံပေး အဖြစ် ခန့်အပ်ခဲ့တာပါ။ ဂျပန်အစိုးရက ဆူနာမီဘေးဒဏ်သင့် ပြဿနာကို ဖြစ်ကတတ်ဆန်း ကိုင်တွယ်နေသလို နျူကလီးယား ဓါတ်အားပေးစက်ရုံ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည် ယိုစိမ့်မှု ထိန်းချုပ်ရာမှာလည်း နှေးကွေးလွန်းတယ်လို့ မစ္စတာ ကိုဆာကိုက ဝေဖန်လိုက်ပါတယ်။

ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုအပေါ် ဝန်ကြီးချုပ် နာအိုတိုးခန် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး သဘောထား စစ်တမ်း ကောက်ယူရာမှာ လူထု ၄ ပုံ ၃ ပုံက မကျေနပ်ကြောင်း စနေနေ့ထုတ် ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။ မတ်လကုန်ပိုင်းက စစ်တမ်းမှာလည်း အလားတူ ဖော်ပြထားပါတယ်။ အဲဒီစစ်တမ်းတွေရဲ့ ၄ ပုံ ၁ ပုံကတော့ သူ ရာထူးက ချက်ချင်း ဆင်းပေးသင့်တယ်လို့ မှတ်ချက်ပေးကြပါတယ်။