(၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးညီလာခံကိုတက်ရောက်ဖို့ ဂျပန်နိုင်ငံကို ၆ ရက်ကြာခရီးအဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်နေ့အဖြစ် ဖူကူရှီးမားခရိုင်က သဘာဝမြေသြဇာသုံး စိုက်ပျိုးရေးနည်းပညာကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒေါ်စုရဲ့လမ်းခရီးမှာ လာရောက်နှုတ်ဆက်ကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ညီညွတ်ကြဖို့ မှာကြားသွားပါတယ်။ အကြောင်းစုံ ကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူတွေ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးနိုင်မယ့် သီးနှံမျိုးကို ဘယ်လို စိုက်ပျိုးနိုင်မလဲဆိုတာသိရအောင်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ခရီးစဉ် တတိယမြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေ ဒီကနေ့မှာ ဂျပန် ဖူကူရှီးမားခရိုင်က သဘာဝမြေသြဇာသုံး စိုက်ပျိုးရေး နည်းပညာကို သွားရောက် လေ့လာခဲ့တယ်လို့ ဒေါ်စုနဲ့ တွေ့ဆုံခွင့်ရသူ တိုကျိုမြို့နေ မမိုးမိုးအိက VOA ကိုပြောပါတယ်။
" ဖူကူရှီးမား မှာရှိတဲ့ kokoron ဆိုတဲ့ organic farm မှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ သူသွားလေ့လာတာပေါ့နော်။ အဲလိုသိရပါတယ်။
မေး။ ။ ဆိုတော့ အဲဒါက မြန်မာပြည်အတွက် ဘယ်လိုအကျိုးရှိစေမှာမို့လို့ သွားပြီးတော့ လေ့လာတာလဲ
ဖြေ။ ။ အခု ဂျပန်က စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ နည်းပညာတွေ ကူညီပေးမယ်ဆိုတော့ အဲဒီအကျိုးသက်ရောက်တဲ့ဟာတွေ ရလဒ်တွေကို သိချင်လို့ သူသွားပြီးလေ့လာတာလို့ ထင်ပါတယ်။ ဒီစိုက်ပျိုးရေး လုပ်တဲ့ရွာလေးတွေ တည်ထောင်လို့ရမလား ဆိုတာနဲ့ ပတ်သက်ပြီး သူစိတ်ဝင်စားပုံရပါတယ် ကြည့်ရတာ။ ဒီ Organic ဟာလိုမျိုး မြန်မာပြည်မှာ စိုက်လို့ရမလားဆိုတာလည်း အမအနေနဲ့ သိချင်တယ်လေ ။ အခုနောက်ပိုင်း မြန်မာပြည်က စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ရွာလေးတွေ ထောင်ပြီးတော့ စိုက်ပျိုးရေးကို ဦးစားပေးပြီးလုပ်စေချင်တယ် နောက်ပြီးတော့ ဒီ Organic ပေါ့နော် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ခန္တာကိုယ်အတွက်ကောင်းတဲ့ ဘယ်လိုအသီးအနှံတွေကိုစိုက်ရင်ကောင်းမလဲ သွားပြီးတော့ လေ့လာပုံရပါတယ်။"
ဖူကူရှီးမားမြို့ကို အမြန်ရထားနဲ့ မထွက်ခွာခင် လာရောက်နှုတ်ဆက်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားသွားပါတယ်။
"လိမ်လိမ်မာမာနေ စည်းစည်းလုံးလုံးနေ ။ အမေမပင်ပန်းပါဘူး ရာသီဥတုက မဆိုးပါဘူး ။ အန္တရာယ်ကင်းအောင်နေပါတယ် ကျေးဇူးတင်ပါတယ်။"
NLD အစိုးရတက်လာပြီးနောက် ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားတွေ တိုးပေးနေတာပါ။ ဒါကြောင့် ဒေါ်စုရဲ့ စိတ်ပိုင်း ရုပ်ပိုင်းကျန်းမာရေးအပေါ် စိုးရိမ် သူတွေလည်း ရှိနေပါတယ်။ ဒေါ်စုရဲ့ ကျန်းမာရေးအခြေအနေ သူမြင်တွေ့ရတာကိုတော့ မမိုးမိုးအိက ခုလိုပြောပြပါတယ်။
"ကျန်းမာရေး ကတော့ ကောင်းတယ် အရမ်းကောင်းတယ် ။ ပုံမှန်ပဲ အလုပ်တွေလုပ်နေတာပါပဲ။ အဲလိုမြင်ရတာပဲ။"
ဂျပန်နိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံကို နားလည်မှုပေးတဲ့နိုင်ငံအဖြစ် မြင်မိကြောင်း မမိုးမိုးအိက ပြောပါတယ်။
"အခြေအနေကတော့ တခြားနိုင်ငံထက်စာရင်ဂျပန်နိုင်ငံကတော့ မိတ်ဆွေကောင်းပြီသစွာ ကူညီနေတယ်လို့တော့ မြင်တာပါပဲ။"
မြန်မာနိုင်ငံအပေါ် ဖိအားတွေများနေချိန်မှာ ဂျပန်နိုင်ငံက မြန်မာအပေါ် နားလည်မှုပေးတဲ့အတွက် ချီးကျူးကြောင်း၊ နားလည်မှုဆိုတာ တကယ်လက်တွေ့ ပေးနေတဲ့ အကူအညီထက် ပိုအရေးကြီးကြောင်း NHK သတင်းဌာနနဲ့ စနေနေ့က သီးသန့်မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5