ဂျပန်မြေပြိုမှု လူဒါဇင်ချီသေဆုံး

(Zawgyi/Unicode)

ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီး၊ မြေပြိုတာတွေဖြစ်ခဲ့တဲ့ အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ကယ်ဆယ်ဖို့ စစ်တပ်နဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ မနေ့က ဆောင်ရွက်နေပါတယ်။ မြေပြိုတာကြောင့် လူပေါင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း အများအပြားရှိနေတာပါ။

မြေပြိုပြီးလမ်းတွေ ရေလျှံ၊ ပျက်စီးနေတာကြောင့် မိသားစု ၃၀၀၀ ကျော်လောက်ကိုကယ်ဆယ်ဖို့ နှောင့်နှေးနေရကြောင်းလည်း မီးသတ် နဲ့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ အထူးသဖြင့် ရုတ်တရက် မိုးကြီးမယ်လို့ ခန့်မှန်းထား တဲ့ Kumamoto ပြည်နယ်မှာ ရေဘေး အန္တရာယ် အဆိုးဆုံး ကြုံနေရတာလည်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဂျပန်တပ်သားတွေ စေလွှတ်ဖို့ ပြင်ဆင်ထားဖို့လည်း ဂျပန် ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။

“မုန်တိုင်းသင့် ဒေသခံတွေ အနေနဲ့ နိုးနိုးကြားကြားဆက်ပြီး ရှိနေဖို့ လိုပါတယ်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့တွေကို ၁ သောင်းကို လည်း အဆင့်သင့် ပြင်ဆင်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး လုပ်ဆောင်ပါ”လို့ ဝန်ကြီးချုပ် Shinzo Abe က မနေ့က သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ဒါ့အပြင့် Kumamoto ၊ Oitaနဲ့ Gifuအပါအဝင် ပြည်နယ် ၈ခုမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေ၊ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁ သိန်း ၃ သောင်းကျော်လောက်နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့လည်း သူက ပြောပါတယ်။

စနေနေ့ကစလို့ မိုးသက်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတဝိုက် အနည်းဆုံး လူ၆၀လောက်သေဆုံးခဲ့ရပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုထိတော့ Kumamotoခရိုင်ဒေသက Kuma မြစ်အပါအဝင် မြစ် ၅၉ ခုမှာ မြစ်ရေလျှံနေပြီး ဒေသ ၂၃ ခုမှာ မြေပြိုမှုပေါင်း ၁၇၉ ခု ဖြစ်ပွားခဲ့ပါတယ်။

နေရာ အတော်များများမှာ လာမယ့် တနင်္ဂနွေနေ့အထိ မိုးသည်းသည်းထန်ထန်ရွာဉီးမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး မြေပြိုတာ တွေနဲ့ မြေနိမ့်ဒေသပိုင်းတွေမှာ ရေကြီး ရေလျှံနိုင်တယ်လို့ သတိပေးထားပါတယ်။

Your browser doesn’t support HTML5

ဂျပန်မြေပြိုမှု လူဒါဇင်ချီသေဆုံး


..................


(Unicode)







