ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့အမှုကို ဒီသီတင်းပတ်အတွင်း ရန်ကုန်တိုင်းတရားရုံးလွှတ်တော်မှာ အယူခံ လျောက်ထားတော့မှာ ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို သမ္မတရဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် အမိန့်နဲ့ ချက်ချင်းလွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းနေတာပါ။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင် (၁၀)ဦးကို မြန်မာလုံခြုံရေးတပ်တွေက အစုလိုက်အပြုံလိုက် ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ စုံစမ်းဖေါ်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး (၃၂နှစ်)နဲ့ ကိုကျော်စိုးဦး (၂၈နှစ်) တို့ကို ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးက အစိုးရ လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ ၂၀၁၈ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့က ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီစီရင်ချက်အပေါ် အယူခံတင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်က နိုဝင်ဘာလ (၃)ရက် စနေနေ့ဖြစ်တဲ့အတွက် ဒီသတင်းပတ်အတွင်း ရန်ကုန်တိုင်း တရားရုံးကို အယူခံတင်မှာဖြစ်တယ်လို့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က AFP သတင်းဌာနကိုပြောပါတယ်။ ဒါအပြင် အယူခံတင်ဖို့ အားလုံးအသင့်ဖြစ်နေပြီလို့ လည်းဆိုပါတယ်။
ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက သူတို့နှစ်ဦးအပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့တာကို သမ္မတ အနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ချက်ချင်းပေးနိုင်၊ မပေးနိုင်ဆိုတဲ့ အမြင်တွေ ရှိနေပါတယ်။ ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် အဆင့်ဆင့် အယူခံ တင်ပြပြီးမှသာ သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့် မပေးသင့် ဆုံးဖြတ်နိုင်တာ ဖြစ်ကြောင်းမြန်မာ့ဥပဒေရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။
“တရားစီရင်ရေးကဏ္ဍ အကုန်လုံးပြီးသွားပြီ ဆိုတဲ့အခါမှာတော့ ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်တို့၊ သက်ညှာခွင့်တို့ နောက်ပြီး ပြစ်ဒဏ်ပြန်လျော့ပေါ့ပေးတာတို ဒါတွေက တရားရုံးတွေရဲ့ စီမံဆောင်ရွက်ခွင့်အသီးသီး ပြီးမြောက်သွားတော့မှသာလျင် ဆက်ပြီးတော့ ဆောင်ရွက်နိုင်တာဖြစ်တယ်။ အမှုစစ်ဆေးစီရင် နေစဲကာလအဆင့်ဆင့်မှာ သမ္မတကနေပြီးတော့ တရားရုံးရဲ့ စစ်ဆေးစီရင်နေတဲ့အမှုအပေါ်မှာ ဝင်ရောက်လွှမ်းမိုးပြီးတော့ ဆုံးဖြတ်တာမျိုးမဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း တားမြစ်ထားတယ်။ သမ္မတကလည်း ဒီလိုကိစ္စကို ဝင်ပြီးတော့ စွက်ဖက်မယ်လို့ ကျနော်တို့မထင်ဘူး။ ဒါကြောင့် တရားရုံးစစ်ဆေးစီရင်တဲ့ အဆင့်ဆင့်ပြီးမြောက်သွားမှသာ သမ္မတ အခန်းကဏ္ဍအနေနဲ့ ပါဝင်နိုင်မယ်။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုက်တာသတင်းထောက်နှစ်ဦးအနေနဲ့ သူတို့ရဲ့ ထောင်ဒဏ်စီရင်ချက်ကို ဥပဒေနည်းလမ်းအတိုင်း အယူခံတင်နိုင်ကြောင်းပဲ တုံ့ပြန်ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ အပါအဝင် လုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို သမ္မတအမိန့်နဲ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပြီးခဲ့တဲ့သတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ Marzuki Darusman တို့နှစ်ဦးလုံးက တောင်းဆိုခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ဆောင်ရွက်နိုင်တဲ့ အလားအလာကို ဦးမင်းလွင်ဦး က အခုလို သုံးသပ်ပါတယ်။
“တရားရုံးအဆင့်ဆင့်ရဲ့ စီမံခန့်ခွဲမှုကိုတော့ နိုင်ငံတော်သမ္မတရော အတိုင်ပင်ခံ ကရော ဝင်ပြီးတော့ စွက်ဖက်မှာမဟုတ်ဘူး။ အဲဒီတော့အရင်တုန်းက ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေ လာတဲ့အခါမှာ လွှတ်ပေးတဲ့ကိစ္စတွေရှိတယ်။ အဲဒီလို လွှတ်ပေးတဲ့ ကိစ္စတွေက အမှုတွေ တရားရုံးချုပ်ကနေပြီးတော့ နောက်ဆုံးစီရင်ဆုံးဖြတ်ပြီးလို့ ဘာမှ အယူခံတက်စရာ မကျန်တဲ့ အမှုတွေကိုသာ သူတို့ လွှတ်ပေးတာဖြစ်တယ်။ စစ်ဆေးစီရင်တယ်၊ ဥပဒေအရ အခွင့်အရေးပေးထားတာ ရှိနေသေးတာ ဆိုတဲ့အမှုတွေကိုတော့ လွှတ်ငြိမ်းချမ်းသာခွင့်တို့ ပြစ်ဒဏ်မှ ကင်းလွှတ်ခွင့် တို့ မပေးဘူး။ အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း သေချာပြဌာန်းထားတယ်။ ဒါကတော့ အလွယ်တကူ တော့မရနိုင်ဘူး။”
ရိုက်တာသတင်းထောက် နှစ်ဦးလွတ်မြောက်ရေး နိုင်ငံတကာ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ နာမည်ကျော် ရှေ့နေ Amal Clooney ကတော့ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတဟာ တရားစီရင်ချက်ချပြီးနောက်ပိုင်း အချိန်မရွေး အပြစ်ကနေ လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့် ရှိကြောင်း ပြောထားပါတယ်။ သူအပါအဝင် သတင်းထောက်တွေ ရဲ့ မိသားစုတွေအနေနဲ့လည်း သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် စီကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးဖို့ အသားနားခံစာ ရေးသားပေးပို့ ထားပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
သမ္မတဆီ အသနား ခံစာတင်ထားတဲ့ကိစ္စနဲ့ အယူခံတင်တဲ့ လုပ်ငန်းစဉ်က သီးခြားစီဖြစ်တဲ့ အတွက် အခုအယူခံတင်တဲ့ကိစ္စဟာ သူတို့အရင်ကတည်းက သမ္မတစီ တင်ထားတဲ့ အသနားခံစာ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ မဖြစ်သင့်ဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ နောက်ပြီး ပြည်ထောင်စု တရားရုံးချုပ်အထိ အယူခံတင်မယ့်အဆင့် ရောက်မယ်ဆိုရင် အချိန် ငါးလ ခြောက်လလောက်ကြာမြင့်မှာမို့ ဒီကာလအတွင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး အင်းစိန်အကျဉ်းထောင်ထဲမှာ နေကြရအုံးမှာဖြစ်ပါတယ်။
ကိုဝလုံးဟာ သူထောင်ကျနေစဉ် မွေးဖွားခဲ့တဲ့ လသားအရွယ်သမီးဦးလေးကို ပြီးခဲ့တဲ့ သီတင်းပတ်က မိနစ်သုံးဆယ်ကြာ ထောင်ဝင်စာတွေ့ချိန်မှာ ပထမဆုံးအကြိမ် တွေ့ခွင့်ရခဲ့ပါတယ်။
Your browser doesn’t support HTML5