ပအို့ဝ်ဒေသ ရွေးကောက်ပွဲမျှတစွာ ကျင်းပနိုင်ဖို့ တိုင်းရင်းခေါင်းဆောင်မျှော်လင့်

အခုလာမယ့် အထွေထွေရွေးကောက်ပွဲကြီးအတွင်း ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း မဲဆန္ဒနယ်တချို့မှာပါ ပအို့ဝ်တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ဆန္ဒမဲပေးပွဲတွေ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ ရှိမယ်လို့ မျှော်လင့်ကြောင်း မကြာသေးခင်ကမှ NCA တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ ဦးခွန်မြင့်ထွန်းကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်အနည်းပဲ လိုပါတော့တယ်။ ဒီလာမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွင်းမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲအတွင်း မျှမျှတတ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်း မဲပေးနိုင်ကြပါမလားဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်မေးမြန်းခန်းတွေကို ဗွီအိုအေက တင်ပြသွားပါမယ်။ ဒီနေ့တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့ ပအို့ဝ်အဖွဲ့ရဲ့ ခေါင်းဆောင် ဦးခွန်မြင့်ထွန်းကို ကျနော် Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ - “ကျနော်တို့ ပအို့ဝ်ဒေသလို့ ဆိုတဲ့နေရာမှာ ကျနော်တို့ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာလည်း ပအို့ဝ်အဖွဲ့တွေနဲ့ ပြိုင်ဖို့ရှိသလို၊ ကျနော်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာလည်းပဲ ပအို့ဝ်အဖွဲ့တွေအနေနဲ့ ပြိုင်ဖို့ရှိပါတယ်။ ပအို့ဝ်ဒေသလို့ ပြောရင်တော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာရှိတဲ့ နောက်တခါ ပဲခူးတိုင်း ဇရပ်ကြီးမှာရှိတဲ့ အခြေအနေတွေလည်း ဒါ ပြောဖို့လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာတော့ ကျနော့်အမြင်မှာကတော့ ရွေးကောက်ပွဲမှာ တစုံတရာတော့ မျှမျှတတ ဖြစ်လိမ့်မယ်လို့တော့ ကျနော်က အဲ့လိုမြင်ပါတယ်။ ဘာလို့လဲဆိုရင် လက်ရှိ အနေအထားမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပအို့ဝ်ဒေသထဲမှာ ရှိကြပေမဲ့လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကနေပြီးတော့မှ လူထုအပေါ်မှာ ခြိမ်းခြောက်တယ်၊ အနိုင်ကျင့်တယ်ဆိုတဲ့ ဟာမျိုးတွေကတော့ အစုအဖွဲ့လိုက်၊ တဦးချင်းအနေနဲ့ဖြစ်စေ၊ အုပ်စုအနေနဲ့ဖြစ်စေ၊ ဆောင်ရွက်တာမျိုးတွေ ကျနော်တို့ ရှိကောင်းရှိနိုင်ပေမဲ့လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကတော့ သူတို့ ဒီ အဖွဲ့အစည်းရဲ့ မူ သဘောထားအနေနဲ့ ထုတ်ပြန်ပြီးတော့မှ ရွေးကောက်ပွဲကို နှောင့်ယှက်တာမျိုးတော့ မရှိပါဘူး။”

မေး - ဟုတ်ကဲ့ အဲဒီတော့ ဦးခွန်မြင့်ထွန်းတို့ အဖွဲ့အနေနဲ့ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကမှ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့ ၈ ဖွဲ့ထဲမှာ ပါတယ်ဆိုပေမဲ့ ဒီရွေးကောက်ပွဲမှာတော့ တစုံတရာ ပါဝင်နိုင်ခြင်း မရှိသေးဘူးပေါ့နော်။ အဲတော့ အခု ရွေးကောက်ပွဲမှာ ပါဝင်ကြမယ့် မှတ်ပုံတင်ထားတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လို သဘောထားရှိသလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိသလဲ။ အထူးသဖြင့် ပအို့ဝ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေပေါ့။

ဖြေ - “အရင်ဆုံး ကျနော်တို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သဘောထားကို ကျနော် တင်ပြချင်ပါတယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲဆိုတာဟာ အာဏာကို သေနတ်ပြောင်းကနေပြီးတော့ ယူတာမဟုတ်ဘူး။ လူထုဆန္ဒကနေပြီးတော့ ရယူတာဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီပေါ်ထွန်းဖို့အတွက် ရွေးကောက်ပွဲကို ကျနော်တို့ တန်ဖိုးထားတယ်။ နောက် ကျနော်တို့အနေနဲ့ ဘယ်သူ့ကိုမှ ကျနော်တို့ ထောက်ခံတယ်၊ ကန့်ကွက်တယ်ဆိုတာကို ကျနော်တို့အနေနဲ့ ဒါ မူသဘောထား မရှိဘူး။ ပြည်သူလူထုက ရွေးချယ်လာတဲ့လူကို ကျနော်တို့အဖွဲ့က လက်ခံပေးမှာဖြစ်တယ်။ ကျနော်တို့အဖွဲ့ဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ တပ်ဗိုလ်၊ တပ်သားတွေအနေနဲ့ မိမိကြိုက်နှစ်သက်သူကို မဲပေးခွင့်ရရင် မဲပေးလို့ရတယ်။ သို့သော်လည်းပဲ အဲဒီလူတွေအတွက်ကိုတော့ လိုက်လံပြီးတော့ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ဖို့တော့ ဒါ ကျနော်တို့ ညွှန်ကြားထားပါတယ်။ ကျနော်တို့အဖွဲ့ရဲ့ ဒါ သဘောထားဖြစ်ပါတယ်။”

မေး - ဒီရွေးကောက်ပွဲမှာ အထူးသဖြင့် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာပေါ့နော် ပအို့ဝ်အဖွဲ့တွေရဲ့ ယှဉ်ပြိုင်နိုင်မှု အနေအထားက ဘယ်လိုရှိလဲ။ အထူးသဖြင့် အခုလက်ရှိ အာဏာရပါတီရော၊ ဒါမှမဟုတ်လို့ရှိရင် အဓိကအတိုက်အခံ ပါတီကြီးလိုဖြစ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်တဲ့ နေရာမှာရောပေါ့နော် ပအို့ဝ်တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲခင်ဗျ။

ဖြေ - “ကျနော်တို့ ဒီ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ရဲ့ နာယကကြီး ဦးအောင်ခမ်းထီ ကိုယ်တိုင် တရွာဝင်တရွာထွက်ပေါ့လေ စည်းရုံးရေးကို ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်အတွက်ကို လိုက်ပြီးတော့ စည်းရုံးပေးနေတာလည်း ရှိပါတယ်။ နောက်တခုကတော့ ကျနော်တို့ ပအို့ဝ်အမျိုးသားနိုင်ငံရေးပါတီက ၂ ခု ရှိပါတယ်။ တခုကတော့ နာယကကြီး ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ဖြစ်ပြီး၊ နောက်တဖွဲ့ကတော့ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ဖြစ်ပါတယ်။ ပအို့ဝ်မှာက ပါတီ ၂ ခု ရှိပါတယ်။ ပြီးတော့ ဒီ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှမ်းကဆိုရင် SNDP နဲ့ SNLD ကျားဖြူရော၊ ကျားခေါင်းရော ပါတီတွေရော၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ တောင်ကြီးတို့၊ ပအို့ဝ်တွေ အများစုနေထိုင်တဲ့ ဒေသတွေမှာ ဝင်ပြိုင်နေတာတွေရှိပါတယ်။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ဝင်ပြိုင်တာရှိပါတယ်။ ဒါပေမဲ့လို့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၃ မြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက မပြိုင်ပါဘူး။ မပြိုင်ဘဲနဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်နဲ့ မဟာမိတ်လုပ်ထားတယ်လို့ သိရပါတယ်။”

မေး - အဲတော့ ဒီ အဓိကယှဉ်ပြိုင်ရမှာက ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမယ့်သဘော ဖြစ်နေတာပေါ့။ နောက် ကျားဖြူပါတီလည်း ပါတာပေါ့။

ဖြေ - “ဟုတ်ကဲ့ ရှမ်းပါတီတွေနဲ့ နောက်တခါ ပအို့ဝ်က ၂ ပါတီပေါ့လေ ပအမဖ နဲ့ PNO ပေါ့လေ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှိပါတယ်။ သူတို့တွေ ပြိုင်ကြရမှာပါ။”

မေး - ဒေသတွင်းမှာ အားပေးမှု အခြေအနေတွေကရော ဘယ်လိုမြင်သလဲခင်ဗျ။

ဖြေ - “ဟုတ်ကဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့က ပအို့ဝ်ဒေသတွင်းမှာတော့ ကွာခြားမှုတွေရှိတယ်။ ၂၀၁၀ တုန်းကတော့ ကြံ့ခိုင်ရေးပါတီနဲ့ PNO ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အပေါ်မှာ မူတည်ပြီးတော့ရော၊ နောက်တခါ ၂၀၁၀ တုန်းက အခုလို ရွေးကောက်ပွဲမှာ များများစားစား ဝင်ရောက်ယှဉ်ပြိုင်တာလည်း မရှိတဲ့အတွက် ပအို့ဝ်ဒေသထဲမှာ ၂၀၁၀ ရွေးကောက်ပွဲရယ်လို့ ပီပီပြင်ပြင် မရှိခဲ့ဘူး။ ဘာလို့လဲဆိုရင် အပြိုင်မရှိခဲ့ဘူးပေါ့နော်။ အခုကတော့ ကျနော်တို့ မြင်ခဲ့ရတဲ့ ချင်းမိုင်မလာခင်ကိုပဲ ပအို့ဝ်ဒေသတွင်းမှာ ပါတီအသီးသီးကနေ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးတာတွေ ကျနော်တို့ ဒါကိုတော့ တွေ့ရပါတယ်။ တော်တော်လေးကို အင်တိုက်အားတိုက်နဲ့ပေါ့လေ အဲဒါကို ဆောင်ရွက်နေကြတာ တွေ့ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အခုနေအခါမှာ ဘယ်သူကတော့ နိုင်မှာပဲဆိုတဲ့ဟာမျိုးကို တစ် ပေး ပြောဆိုကတော့ အတော်လေး ခက်ပါတယ်။”

မေး - ဟုတ်ကဲ့ ဦးခွန်မြင့်ထွန်း အနေနဲ့လည်း သိပ်မကြာသေးခင် ကာလတုန်းကပဲ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ တွေ့ခဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာတွေများ ပြောခဲ့သလဲ၊ ဘာတွေများ အဆိုပြုခဲ့သလဲဆိုတာလေး နည်းနည်းလေး ပြောပြပါလား။

ဖြေ - “ဟုတ်ကဲ့ ကျနော်တို့ ဒီ တွေ့စဉ်တုန်းကတော့ ကျနော်တို့ RCSS ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးစဝ်ခွန်ဆိုင်းကလည်းပဲ ရှမ်းပြည်ထဲမှာပေါ့လေ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိနေတဲ့ အခြေအနေတွေမှာ RCSS အနေနဲ့ သူတို့ ဝင်ရောက်နှောင့်ယှက်ဖို့တွေ လုပ်ဖို့ မရှိတဲ့အကြောင်း အပါအဝင်ပေါ့လေ ဒါတွေ တင်ပြတာတော့ ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကို ကျနော့်အနေနဲ့ အချက် ၃ ချက် အဓိကထား တင်ပြခဲ့တယ်။ ပထမတချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကြီးက လွတ်လပ်ပြီး တရားမျှတခဲ့တယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်တဲ့ တပ်မတော်ဟာ အဲဒီ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ရပ်တည်ချက် မှန်ကန်ခဲ့တယ်။ တဦးချင်းအလိုက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ ဘက်လိုက်မှုတွေ ရှိခဲ့ပေမဲ့လို့ တပ်မတော်တခုလုံးအနေနဲ့ကတော့ ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်းနဲ့ ကြားနေပြီးတော့ ရပ်တည်ပေးခဲ့တယ်။ အဲဒါကြောင့်မို့လည်း ၉၀ ခုနှစ် ရွေးကောက်ပွဲကြီးဟာ လွတ်လပ်သန့်ရှင်းခဲ့တယ်။ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်းပဲ လက်နက်နဲ့ ခြိမ်းခြောက်တာမျိုးတွေ ရွေးကောက်ပွဲမှာ မဖြစ်စေရဘူးလို့ ကတိပေးထားတဲ့အတွက် ကျနော်တို့ ဒီအတွက်ကိုတော့ အားရတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒီကနေ့ ရွေးကောက်ပွဲမှာ ၉၀ တုန်းကလိုပဲ သန့်သန့်ရှင်းရှင်း ရပ်တည်ပေးဖို့ ကျနော်တို့ တင်ပြပါတယ်။ နောက်တချက်ကတော့ ဒီရွေးကောက်ပွဲကြီး လွတ်လပ်သန့်ရှင်းဖို့အတွက်ဆိုရင် ကျနော်တို့က ရွေးကောက်ပွဲကို တန်ဖိုးထားရတယ်။ လွတ်လပ်သန့်ရှင်းဖို့အတွက် ကျနော်တို့ ကူညီဆောင်ရွက်ပေးနိုင်မယ့် ကိစ္စတွေကိုလည်း ကျနော်တို့ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးမယ် ဆိုတဲ့အကြောင်း ကျနော်တို့ ဒါကို ပြောပါတယ်။ နောက်တခုက ဘာလဲဆိုရင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီးတော့ ကျနော်တို့ အကောင်အထည် မဖော်ခဲ့တဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို တိုးတက်မှုလို့ မမြင်ဘဲ ပစ်ပယ်ခဲ့တဲ့အတွက် ကျနော်တို့တိုင်းပြည်ဟာ ဒုက္ခရောက်ခဲ့တယ်။ ဒီဘ၀ ဒီအခြေအနေရောက်ခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီ ၂၀၁၅ ရွေးကောက်ပွဲရလဒ်၊ လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ပေးပါ။ ပြီးရင် လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ရလဒ်ကိုလည်း အသိအမှတ်ပြုပေးဖို့အတွက် အကောင်အထည်ဖော်ပေးဖို့အတွက်ကို ကျနော်တို့ ဒါကို တိုက်တွန်းခဲ့တယ်။”

မေး - ဟုတ်ကဲ့ အဲတော့ ဦးခွန်မြင့်ထွန်းက ၁၉၉၀ ရွေးကောက်ပွဲအကြောင်း အတော်လေး ပြောသွားတာ ကြားရပါတယ်။ အဲတော့ အဲဒီ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ဦးခွန်မြင့်ထွန်းအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်စားပြုပြီးတော့ သထုံမဲဆန္ဒနယ်ကနေပြီးတော့ အနိုင်ရရှိခဲ့ဖူးတယ်ဆိုတာ ကျနော် အမှတ်ရပါတယ်။ အခု ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်မပြိုင်နိုင်ဘူးပေါ့လေ။ အဲတော့ လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့ အလားအလာတွေကရော ဘယ်လိုများ စီစဉ်ထားသလဲခင်ဗျ။ အခုဆိုရင် အပစ်အခတ်ရပ်စဲရေးလည်း လက်မှတ်ရေးထိုးပြီဆိုတော့။

ဖြေ - “ဟုတ်ကဲ့ ကျနော်တို့ ဒီ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ပေါ့လေ ကျနော် ဦးအောင်မင်းဆီကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတဲ့အချိန်မှာ ကျနော်တို့ အချက် ၃ ချက်၊ PNLO ရဲ့ နိုင်ငံရေးရပ်တည်ချက် ၃ ရပ်ကို ကျနော် လက်မှတ်ရေးထိုးပြီး ပေးခဲ့ပါတယ်။ အဲဒီအချက်ထဲမှာ တချက်ကတော့ ပအို့ဝ်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဟာ တန်းတူရည်တူ ဖက်ဒရယ်မူနဲ့ ပြည်ထောင်စုကို ထူထောင်နိုင်တဲ့အချိန်မှာ ကျနော်တို့ရဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဟာ ပြီးပြည့်စုံတယ်လို့ ကျနော်တို့ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ဒီကနေ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးသွားတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်အောင် ကျင်းပသွားဖို့ရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ရလဒ်များနဲ့အညီ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို တန်းတူရည်တူ ထူထောင်နိုင်မယ့်အချိန် အထိပေါ့ ကျနော် ရပ်တည် ဆောင်ရွက်ရမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ လောလောလတ်လတ်မှာတော့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့တော့ ဆန္ဒမရှိသေးပါဘူး။ သို့သော်လည်း ကျင်းပသမျှ ရွေးကောက်ပွဲတွေကတော့ လူထုရဲ့အာဏာကို တရားမျှတစွာ ရယူတဲ့နည်းလမ်းဖြစ်တဲ့အတွက် အဲဒီရွေးကောက်ပွဲတွေ လွတ်လပ်သန့်ရှင်းရေး၊ နောက် ရွေးကောက်ပွဲရလဒ်တွေကို အကောင်အထည်ဖော်ရေးတွေပေါ့ ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာ ပအို့ဝ်တွေက ပအို့ဝ်တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရတာ ရှိပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာ အဲဒီ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေကို ဝင်ရောက် ယှဉ်ပြိုင်ကြတာ ရှိပါတယ်။ မွန်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားအတွက် ဝန်ကြီးအတွက်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ကြတာ ရှိတယ်။ မွန်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာ ဝန်ကြီးအတွက်ကို NLD ကလည်း ဝင်ပြိုင်တယ်။ တ.စ.ည ကလည်း ဝင်ပြိုင်တယ်။ နောက်တခါ ကြံ့ခိုင်ရေးကလည်း ဝင်ပြိုင်တာပေါ့လေ။ မွန်ပြည်နယ်မှာတော့ ကျနော့်အမြင်မှာတော့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်က ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်ရွှေသင်းပေါ့လေ သူကတော့ မွန်ပြည်နယ် ပအို့ဝ်စာပေယဉ်ကျေးမှုကော်မတီ ဥက္ကဌလည်းဖြစ်ပါတယ်။ ပြီးတော့ ကျင်းပပြီးစီးခဲ့တဲ့ ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲရဲ့ ကျင်းပရေးကော်မတီဥက္ကဌလည်းဖြစ်ပါတယ်။ သူတို့ကတော့ တစ်ပြေးနေတာပေါ့လေ။ ထိုနည်းတူပဲ ကျနော်တို့ မွန်ပြည်နယ်မှာပြီးတော့ ကရင်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဆိုရင်လည်းပဲ ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲကို တာဝန်ယူကျင်းပပေးခဲ့တဲ့ လက်ရှိ ကရင်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာ ခွန်သန်းတင့်ဆိုရင် သူတို့ကတော့ ဒါကတော့ လက်ရှိအခြေအနေမှာ သူတို့ တစ်ပြေးတယ်။ ကျနော်တို့အနေနဲ့ကတော့ နိုင်မယ်၊ ရှုံးမယ်တော့ မပြောတတ်ဘူး။ သို့သော် အလားအလာတော့ ကောင်းကြတယ်။ ဒါကြောင့် ကျနော်တို့ ပအို့ဝ်ဒေသတွေပေါ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရော မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပြီးတော့ ပဲခူးတိုင်းတွေမှာရော၊ ကျနော်တို့ ပအို့ဝ်အမျိုးသားများကတော့ လွှတ်တော်ထဲမှာ ပအို့ဝ်အမျိုးသားမူဝါဒတွေ ပြောနိုင်ဖို့အတွက် ဒါ အင်တိုက်အားတိုက် ဆောင်ရွက်နေကြတာကိုတော့ ဝမ်းပန်းတသာ တွေ့ရတဲ့အကြောင်းပဲ တင်ပြချင်ပါတယ်။”