အီတလီနိုင်ငံ မြောက်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Genoa မှာ ဒီကနေ့ ပြင်းထန်တဲ့မုန်တိုင်း ကျရောက်စဉ် ကား ၁၀ စင်းလောက် ဖြတ်သန်းနေတဲ့ တံတားတခု ပြိုကျရာက လူ ၃၅ဦးထက် မနည်း သေဆုံးခဲ့ကြောင်း အီတလီ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အရေးကြီးတဲ့ တံတားမှာ အခုလို မတော်တဆမှု ကြုံခဲ့ရတာဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း ဒုတိယဝန်ကြီး Edoardo Rixi က SkyNews24 နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။
သယ်ယူပို့ဆောင်ရေးဝန်ကြီး Danilo Toninelli ကလည်း မတော်တဆမှုကို အနီးကပ်စောင့်ကြည့်နေပြီး၊ ကြေကွဲဖွယ်ဖြစ်ရပ်ကြီးတခု ဖြစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ကိုယ်တိုင်တွေ့ခဲ့သူ တယောက်ကလည်း တံတားတစိတ်တပိုင်း ပြိုကျချိန်မှာ ကား ၈ စင်း ၉ စင်းလောက် ပါသွားတဲ့ ကြောက်စရာ မြင်ကွင်းကို အီတလီသတင်းဌာနက Sky Italia ကို ပြောပြခဲ့ပါတယ်။
တံတားပြိုကျတဲ့အပိုင်းဟာ အလျားမီတာ ၈၀ လောက် ရှိကြောင်းလည်း အရေးပေါ် မီးသတ်သမားတွေနဲ့ အတူရှိနေတဲ့ မီးသတ်ဌာနတာဝန်ရှိသူ Amalia Tedeschi ကပြောဆိုခဲ့တာပါ။ ကားတွေထဲက ဒဏ်ရာရသူ ၂ ယောက်ကို အရေးပေါ် ကယ်ဆယ်ရေးတွေ ကယ်တင်နိုင်ခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးခွေးတွေရဲ့ အကူအညီနဲ့ အပျက်အစီးတွေကြားမှာ အသက်မသေ ကျန်နေသူတွေကို ဆက်လက်ရှာဖွေနေကြောင်းလည်း အစိုးရပိုင် RAI ရုပ်မြင်သံကြားဌာနကို ပြောခဲ့ပါတယ်။
အပျက်အစီး အပိုင်းအစကြီးတွေကို ဖယ်ရှားနိုင်အောင် စက်ယန္တယားကြီးတွေကို မှာယူထားကြောင်းလည်း ပြောဆိုခဲ့တာပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တည်ဆောက်ပြီး ၂၀၁၆ ခုနှစ်မှာ ပြန်လည်မွမ်းမံထားတဲ့ တံတားရဲ့ ကြံ့ခိုင်မှုအားနည်းမှုကြောင့် ပြိုကျတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေ ယူဆနေကြောင်းလည်း ANSA သတင်းဌာနကပြောပါတယ်။ ပြိုကျသွားတဲ့ တံတားဟာ အီတလီဆိပ်ကမ်းမြို့ Genoa နဲ့ ပြင်သစ်တောင်ပိုင်း ကမ်းရိုးတမ်းကို ဆက်သွယ်ရာမှာ အဓိကဆက်သွယ်ထားတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5