ဂါဇာမြောက်ပိုင်း တခုလုံးနီးပါးထိန်းချုပ်နိုင်လို့ အစ္စရေးစစ်တပ်ပြော

Palestinians inspect the destruction from Israeli airstrikes in Gaza City's al-Rimal neighbourhood early on October 10, 2023.

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးစစ်တပ်ဟာ ဒီနေ့ တနင်္ဂနွေနေ့ အစောပိုင်းက Jabalia မြို့အပေါ် ဆက်လက်တိုက်ခိုက်နေပါတယ်။ စနေနေ့က ဂါဇာဒေသထဲက ပစ်မှတ်ပေါင်း ၂၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသတခုလုံး နီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

ဂါဇာဒေသမြောက်ပိုင်း စစ်ဆင်ရေးကနေ တောင်ပိုင်းကို အခုအာရုံစိုက် တိုက်ခိုက်နေပြီလို့ စစ်တပ်ပြောခွင့်ရက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဂါဇာတောင်ပိုင်း Khan Younis မြို့မှာ စစ်ဆင်ရေးဆက်လုပ်နေတဲ့အပြင် တခြားနေရာတွေကို တိုးချဲ့တိုက်ခိုက်သွားမယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုဆန္ဒပြမှုတွေ လန်ဒန်၊ New York၊ Istanbul မြို့တွေမှာ အခုစနေ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း ပြုလုပ်ခဲ့ကြပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေ ဂါဇာဒေသကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့ပေမဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချက်တော့ မပါဝင်ပါဘူး။

စနေနေ့ကတော့ အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဆက်သွယ်စကားပြောခဲ့ကြတာမှာ အပစ်ရပ်ဖို့ သူ့ဘက်က မပြောခဲ့ဘူးလို့ သမ္မတ Biden က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာတော့ ဂါဇာဒေသမှာ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေအပါအဝင် အရပ်သားတွေအားလုံးကို ကာကွယ်ဖို့ သိပ်အရေးကြီးတယ်ဆိုတဲ့ အချက်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာနဲ့ဝေးရာကို အရပ်သားတွေ ဘေးကင်းလုံခြုံစွာ သွားနိုင်ကြအောင် ခွင့်ပြုဖို့ အရေးကြီးကြောင်း သမ္မတ Biden က ဝန်ကြီးချုပ် Netanyahu ကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးမြို့တွေအပေါ် ပါလက်စတိုင်း Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၁ ထောင့် ၄ ရာကျော် သေဆုံးခဲ့ပြီး ၂၅၀ လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီထဲကစလို့ အစ္စရေးစစ်တပ်က Hamas အဖွဲ့ကို အမြစ်ပြတ်အောင် တိုက်ခိုက်မယ်လို့ ပြောပြီး တိုက်ခိုက်နေမှုအတွင်း ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ပါလက်စတိုင်းပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။