ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah မြို့ရဲ့ နောက်ထပ်နေရာတွေကနေ လူတွေကို အစ္စရေးစစ်တပ်က ဒီနေ့ စနေနေ့မှာ ထပ်ပြီး ထွက်သွားခိုင်းနေပါတယ်။ ဂါဇာတခြားဒေသကနေ စစ်ဘေးလွတ်အောင် လာရောက်ခိုလှုံနေကြသူတွေအပါအဝင် လူပေါင်း ၁ သန်းကျော်ရှိနေတဲ့ Rafah ကို ထိုးစစ်မဆင်ဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က တားနေတဲ့ကြားမှာပဲ လူသားချင်းစာနာမှုအရ ဘေးကင်းတဲ့နေရာလို့ အစ္စရေးစစ်တပ်ကဆိုတဲ့ Al-Mawasi ကို ထပ်ပြီးပြောင်းရွှေ့ခိုင်းတာ ဖြစ်ပါတယ်။
Rafah မြို့ အပါအဝင် ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူ ၃ သိန်းလောက် Al-Mawasi ကမ်းရိုးတမ်းဒေသကို ပြောင်းရွှေ့ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ တချိန်ထဲမှာပဲ Hamas စစ်သွေးကြွတွေနဲ့ အစ္စရေးစစ်တပ်တို့ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တနင်္လာနေ့ထဲက စပြီး Rafah မြို့ကနေ လူတွေကို ထွက်သွားကြဖို့ အစ္စရေးစစ်တပ်က သတိပေးထားတာမို့ အပြည့်အဝ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်တော့မယ်လို့ ခန့်မှန်းနေကြပါတယ်။
အစ္စရေးဟာ အမေရိကန်က ထောက်ပံ့ထားတဲ့ လက်နက်တွေကို သုံးပြီး နိုင်ငံတကာဥပ ဒေကို ချိုးဖောက်နေပုံရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အစ္စရေးကို လက်နက် တင်ပို့နေတာတွေ ပိတ်ပင်ရလောက်တဲ့အထိ ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မတွေ့ရသေးကြောင်းလည်း ပြောပါတယ်။
အစ္စရေးအနေနဲ့ Rafah ကို အပြည့်အဝ ထိုးစစ်ဆင်မယ့် အစီအစဥ် ဆက်လုပ်မယ်ဆိုရင် အစ္စရေးကို ထောက်ပံ့နေတဲ့ ဗုံးလက်နက်တွေနဲ့ လက်နက်ကြီး တင်ပို့တာတွေ ဆိုင်းထားမယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောဆိုခဲ့ပြီး ၂ ရက်အကြာမှာ နိုင်ငံခြားရေးဌာနက အခု အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အစ္စရေးကို အဓိက လက်နက် ထောက်ပံ့ပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။