ဟက်ဇ်ဘိုလာခေါင်းဆောင် သေဆုံး

ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah

အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးတယ်ဆိုတာကို အဖွဲ့က အတည်ပြုလိုက်ပါတယ်။ ခေါင်းဆောင် သေဆုံးသွားပေမဲ့ ရန်သူတွေအပေါ် ဘာသာရေးစစ်ပွဲ ဆက်လက်ဆင်နွဲသွားမှာ ဖြစ်သလို ပါလက်စတိုင်းကို ဆက်လက်ထောက်ခံသွားမယ်လို့ အီရန်က ငွေကြေးနဲ့ လက်နက်ပံ့ပိုးပေးနေတဲ့ Hezbollah စစ်သွေးကြွအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဖိနှိပ်သူတွေကို တွန်းလှန်သူလို့ Hassan Nasrallah ကို တင်စားပြီး အီရန်ဒုသမ္မတ Javad Zarif က Hezbollah ခေါင်းဆောင် သေဆုံးမှုအတွက် ဝမ်းနည်းစကားပြောခဲ့ပါတယ်။

ဟက်ဇ်ဘိုလာ ဌာနချုပ်ရှိတဲ့ Beirut မြို့တောင်ပိုင်းအပေါ် သောကြာနေ့က ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟက်ဇ်ဘိုလာခေါင်းဆောင် သေဆုံးသွားတာလို့ အစ္စရေးစစ်တပ်ကလည်း ဒီနေ့ အစောပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ တောင်ပိုင်း စစ်မျက်နှာပြင်ဆိုင်ရာ တပ်မှူးကြီး Ali Karki အပါအဝင် တခြားတပ်မှူးတွေနဲ့အတူ ဟက်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah ကို သုတ်သင်နိုင်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Beirut မြို့ တောင်ပိုင်း Dahiyeh ရပ်ကွက်က လူနေအဆောက်အဦးတခု မြေအောက်မှာရှိတဲ့ ဟက်ဇ်ဘိုလာအဖွဲ့ ဌာနချုပ်မှာ ထိပ်တန်းခေါင်းဆောင်တွေ ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်း အတိအကျရတဲ့အတွက် အစ္စရေး စစ်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်၊
Hassan Nasrallah ဟာ ဟက်ဇ်ဘိုလာအဖွဲ့ကို ၃၂ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး ဒေသတွင်းမှာ အင်အားကြီး စစ်သွေးကြွအဖွဲ့တခုဖြစ်အောင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူသေဆုံးသွားတဲ့အတွက် စစ်သွေးကြွအဖွဲ့အတွက် အတော်လေး အထိနာတယ်လို့ ဒေသတွင်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတချို့က ဟက်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ထားပါတယ်။ သောကြာနေ့ အစ္စရေးတို့ လေကြောင်း တိုက်ခိုက်မှုအတွင်း ၆ ယောက်ထက်မနည်း သေဆုံးပြီး ၉၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဌာနက ပြောပါတယ်။