လက်ဘနွန်နဲ့ ဂါဇာကို အစ္စရေး တပြိုင်တည်းတိုက်ခိုက်

အောက်တိုဘာ ၂၀ ရက်နေ့ လက်ဘနွန်နိုင်ငံရှိ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနကို အစ္စရေး ပစ်မှတ်ထား တိုက်ခိုက် (AP Photo/Hussein Malla)

လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။

အီရန်က အားပေးထောက်ခံနေတဲ့ ဟက်ဇ်ဘူလာအဖွဲ့ဟာ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲခဲ့ပြီးနောက်ပိုင်း ဘေရွတ်မြို့တော်က အမာခံစခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။

ဂါဇာစစ်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေရဲ့ ကျုးကျော်တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ ဂျူးလူမျိုးတွေရဲ့ ရက်ရှည်အားလပ်ရက် Sukkot ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဘေရွတ်မြို့တော်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း Haret Hreik အရပ်က ဆေးရုံနဲ့ ဗလီအနီး လူနေအဆောက်အဦးတခုကို ထိမှန်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် NNA သတင်းဌာနက ဖော်ပြခဲ့တာပါ။

အစ္စရေးစစ်တပ်ကတော့ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို ထိမှန်ခဲ့သလို၊ ဘေရွတ်မြို့တော်က လက်နက်တိုက်တခုကိုလည်း ထိမှန်ခဲ့ပြီး တခြားတိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၃ ဦး သေဆုံးတယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ လက်ဘနွန်ကနေ အစ္စရေးကို အကြိမ် ၇၀ လောက် ပစ်ခတ်ခံခဲ့ရပြီး၊ တချို့ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ ဂါဇာဒေသမြောက်ပိုင်း Beit Lahia အရပ်က အရပ်သားတွေ နေထိုင်ရာနယ်မြေကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဖက်ကာကွယ်ရေးဌာနက ပြောဆိုခဲ့ပါတယ်။