လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာတို့ အမာခံနယ်မြေထဲ အစ္စရေး Drone ယာဉ် နှစ်စင်း ပျက်ကျလာခဲ့တယ်လို့ ဟစ်ဇ်ဘိုလာဘက်က ပြောလိုက်ပါတယ်။
ဟစ်ဇ်ဘိုလာတို့ရဲ့ မီဒီယာရုံးရှိတဲ့ အဆောက်အဦပေါ်က ကနဦး တစင်းပျက်ကျလာတာဖြစ်ပြီး နောက်ထပ် ၄၅ မိနစ်လောက်မှာ အဲဒီ Drones ကို လာရှာပုံရတဲ့ နောက်ထပ်တစင်းလည်း ပျက်ကျလာတယ်လို့ ဟစ်ဇ်ဘိုလာတို့က ပြောပါတယ်။
သူတို့ကို ပစ်ချလို့ ပျက်ကျလာတာမဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာ ပြောခွင့်ရသူ Mohammed Afif က အေပီသတင်းဌာနကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။
အခုလို အစ္စရေး Drones နှစ်စင်း ပျက်ကျလာတဲ့အပေါ်မှာ လက်ဘနွန်ဝန်ကြီးချုပ် Saad Hariri ကတော့ ဒီအဖြစ်အပျက်ဟာ လက်ဘနွန်အချုပ်အခြာ အာဏာကို ကျူးကျော်ချိုးဖောက်တဲ့လုပ်ရပ် ဖြစ်သလို ဒေသတွင်း တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
စနေနေ့ နှောင်းပိုင်းတုန်းကတော့ ဆီးရီယားမှာရှိတဲ့ အီရန်အိမ်စောင့်တပ်ရဲ့ လက်ခွဲတခုကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတခု လုပ်ခဲ့တယ်လို့ အစ္စရေးက ကြေညာပါတယ်။ ဒါဟာ အစ္စရေးအပေါ် အီရန်ဘက်က Drones နဲ့ တိုက်ခိုက်လာနိုင်ချေကို ဟန့်တားတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ပစ်မှတ်မရောက်ခင်မှာပဲ အစ္စရေးဒုံးလက်နက်အများစုကို သူတို့ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ဆီးရီယားစစ်တပ်က ကြေညာပါတယ်။ အခု လက်ဘနွန်မှာဖြစ်တာနဲ့ ဆီးရီယားတိုက်ခိုက်မှုကိစ္စ ဘယ်လို ဆက်နွှယ်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
Your browser doesn’t support HTML5