တနှစ်အသံတိတ်နေတဲ့ ISIS ခေါင်းဆောင် အကြမ်းဖက်ဖို့ လှုံဆော်

ISIS စစ်သွေးကြွ အဖွဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi က မိန့်ခွန်းပြောကြားနေတဲ့ ဗွီဒီယို။

တနှစ်လောက် အသံတိတ်နေတဲ့ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ရဲ့ ခေါင်းဆောင်က သူ့ကို ထောက်ခံသူတွေကို ဆက်လက် လှုပ်ရှားကြဖို့ တိုက်တွန်းတဲ့ မိန့်ခွန်း ထွက်ပေါ်လာခဲ့ပါတယ်။

အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ရဲ့ al-Furqan သတင်းဌာနက အင်္ဂါနေ့မှာ Abu Bakr al-Baghdadi ဆီက လို့ပြောတဲ့ ၅၄ မိနစ်ကြာ မိန့်ခွန်းရှည်ကြီးကို “သီးခံစိတ်ရှည်သူတွေအတွက် ဝမ်းမြောက်ဖွယ်လှိုင်းလုံးတွေ ပေးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း SITE ထောက်လှန်းရေး အဖွဲ့က ပြောပါတယ်။

ဒီတပတ်ကျရောက်တဲ့ Eid al-Adha အစ်ပွဲတော်အတွက် ဆုတောင်းကိုလည်း ဖေါ်ပြပြီး အိုင်အက်စ် ထောက်ခံသူတွေ အားမလျှော့်ကြဖို့ နှိုးဆော်ထားပါတယ်။ မူဂျာဟစ်ဒင်တွေအတွက် အရှုံးအနိုင်ဆိုတာ မြို့တမြို့လောက် ခိုးအယူခံရတာ၊ လေကြောင်းအင်အားပိုကောင်းတာ၊ တိုက်ချင်းပစ် ဒုံးကျည်တွေ၊ စမတ်ဗုံးတွေ နဲ့လည်းမဆိုင်ဘူးလို့ လဲ ဆိုပါတယ်။

အမေရိကန် ထောက်လှန်းရေး အရာရှိတွေကတော့ အခုအသံသွင်းခွေထွက်ပေါ်လာတာကို သိရှိကြောင်း ဒါပေမယ့် ဒီတိတ်ခွေထဲက အသံဟာ Baghdadi ရဲ့ အသံ ဟုတ်မဟုတ် မခွဲခြားရသေးဘူးလို့ ပြောပါတယ်။

Baghdadi အခုထိ အသက်ရှင်ဆဲ ရှိမရှိ မေးခွန်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပြီး သူ အခုထိ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကို ထိန်းချုပ် နေဆဲလား။ သူဘယ်နေရာမှာ ပုန်းနေသလဲ ဆိုတာတွေကို မေးခွန်းတွေထုတ်နေကြ တာ ဖြစ်ပါတယ်။

သူသေဆုံးကြောင်း သက်သေမပြနိုင်သေးသရွေ့ အသက်ရှင်ဆဲ ဖြစ်နိုင်မယ်လို့ ယူဆ ထားကြောင်း အမေရိကန် စစ်ဌာန ပင်တာဂွန်က အိုင်အက်စ် စစ်သွေကြွအဖွဲ့ နှိမ်နင်းရေး ဆိုင်ရာ အကြီးအကဲ Chris Maier က ပြောခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဆီးရီးယားမှာ ပုန်းခိုနေနိုင်တယ်လို့ သံသယရှိကြောင်း လည်းပြောပါတယ်။

အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဟာ အခုအခါမှာ အီရတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Hanjin မြို့လေးနားက နေရာသေးသေးလေးထဲ ပိတ်မိနေနိုင်တယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ပြောသလို သူတို့ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေရဲ့ ၉၈ % ကို လက်လွှတ် ဆုံးရှုံးခဲ့ရပေမယ့် ဆီးရီးယားထဲမှာ တနေ့ အလုံးအရင်းနဲ့ ပြန်ပေါ်လာနိုင်တယ်လို့ ကာကွယ်ရေးဌာနနဲ့ ကုလသမဂ္ဂက ပြောပါတယ်။

Your browser doesn’t support HTML5

တနှစ်အသံတိတ်နေတဲ့ ISIS ခေါင်းဆောင် အကြမ်းဖက်ဖို့ လှုံဆော်