IS နဲ့ဆက်နွယ်သူတွေ အီရတ်မှာ ပြစ်ဒဏ်စီရင်

IS စစ်သွေးကြွအဖွဲ့နဲ့ ပူးပေါင်တယ်လို့ စွပ်စွဲပြီး ရုရှားအမျိုးသမီး ၁၉ ဦးကို အီရတ်တရားရုံးတခုကနေ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အကြမ်းဖက်ဝါဒစွဲဆိုင်ရာ အမှုတွေကို ကိုင်တွယ်တဲ့ ဘက်ဂဒက် ဗဟိုရာဇဝတ်တရားရုံးကနေ Azerbaijan က အမျိုးသမီး ၆ ဦးနဲ့ Tajikistan က ၄ ဦးတို့ကိုလည်း အလားတူစွဲချက်တွေနဲ့ တနင်္ဂနွေနေ့မှာပဲ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

IS စစ်သွေးကြွတွေက အလိုမတူပဲ တူရကီကနေ သူတို့ကို ခေါ်ဆောင်လာခဲ့တာ ဖြစ်ကြောင်း တရားခံအများစုက တရားရုံးကို ပြောကြားခဲ့တာပါ။

ကလေးငယ် တရာကျော်နဲ့ အတူ ရုရှားစကားပြော အမျိုးသမီး အယောက် ၅၀ ကနေ ၇၀ ကြားဟာ အီရတ်မှာ အဖမ်းခံခဲ့ရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၄ တုန်းက အီရတ်ရဲ့ ဒုတိယအကြီးဆုံးမြို့ Mosul အပါအဝင် အီရတ်နိုင်ငံရဲ့ သုံးပုံတပုံလောက်ကို အိုင်အက်စ်တွေ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလကမှ သူတို့ကို နှင်ထုတ်နိုင်ခဲ့ကြောင်း အီရတ်အစိုးရက ကြေညာနိုင်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အိုင်အက်စ်အဖွဲ့ဝင်လို့ သံသယရှိသူ ၂ သောင်းလောက်ကို အီရတ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့ တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ ဒါပေမယ့် အဖမ်းခံနေရသူ ဘယ်လောက်ရှိတယ်ဆိုတာက သေသေချာချာ မသိရသေးပါဘူး။

အီရတ်တရားရုံးက အိုင်အက်စ်အဖွဲ့ကလို့ သံသယရှိသူ ၃၀၀ ကျော်ကို သေဒဏ်ချမှတ်ခဲ့ပြီး ဒီအထဲမှာ နိုင်ငံခြားသား ဒါဇင်နဲ့ချီပါနေပါတယ်။

Your browser doesn’t support HTML5

IS နဲ့ဆက်နွယ်သူတွေ အီရတ်မှာ ပြစ်ဒဏ်စီရင်