အမေရိကန်တို့ အထောက်အပံ့ပေးထားတဲ့ ဆီးရီးယား ပြည်သူ့စစ်တွေ ဝိုင်းထားတဲ့ ရက္ကာမြို့ထဲကနေ ဆုတ်ခွာရေး သဘောတူညီချက်နဲ့ အစ္စလာမ္မစ် အစွန်းရောက် IS တိုက်ခိုက်ရေးသမား အဖွဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြပါတယ်။
IS တိုက်ခိုက်ရေးသမားတွေက လူသားဒိုင်းတွေ အဖြစ် အသုံးပြုတဲ့ အနေနဲ့ အရပ်သားတွေကိုလည်း ခေါ်ယူသွားတယ်လို့ ပြည်သူ့စစ် ပြောခွင့်ရ တဦးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန်တို့ ထောက်ပံ့ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေနဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ စစ်ဆင်ရေး ပြီးသွားပေမယ့် မြို့ထဲမှာ ကျန်နေတဲ့ စစ်သွေးကြွတွေကို ချေမှုန်းတဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်လို့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ပြောခင့်ရ တဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။
ကျန်ရှိနေသေးတဲ့ IS တိုက်ခိုက်ရေးသမားတွေ လက်နက်ချမလား အသေခံမလား ရွေးရမယ်လို့ ပြောခွင့်ရက အစောပိုင်းမှာ ပြောဆိုထားတာပါ။ IS တို့ ထိန်းချုပ်ခဲ့ရာ ရက္ကာမြို့ကို သိမ်းပိုက်နိုင်ရေး အမေရိကန်တို့ ထောက်ပံ့ပေးထားတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ နောက်ဆုံး ထိုးစစ်မတိုင်ခင် ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ မြို့တွင်းကနေ အရပ်သား အများအပြား ထွက်ပြေးခဲ့ကြပါတယ်။ အရပ်သားတွေ ဘေးကင်းရာ ထွက်ခွာနိုင်ရေး အတွက် ညွှန့်ပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်မှု အရှိန်လျှော့လိုက်တာကို အခွင့်ကောင်းယူပြီး IS တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားဆဲ ရပ်ကွက်တွေထဲကနေ ဒီရက်ပိုင်း အတွင်းမှာဘဲ ရာနဲ့ချီတဲ့ အရပ်သားတွေ ထွက်ခွာနေကြပါတယ်။
ဒေသခံ IS တိုက်ခိုက်ရေးသမားတွေ လက်နက်ချ အညံ့ခံနေကြတယ်လု့ိ ဒေသခံတွေက ပြောပေမယ့် မြို့တွင်းက အားကစားရုံ၊ အမျိုးသား ဆေးရုံ အပါအဝင် မြို့တွင်းက နေရာတချို့ကို စစ်သွေးကြွတွေ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အမေရိကန်တိ့ု အထောက်အပံံ့ ပေးထားတဲ့ အတိုက်အခံ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေက ရက္ကာမြို့ကို ဇွန်လ ၅ ရက်နေ့က စလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ယူဖရေးတီး ဖြစ်ပေါ်က ရက္ကာမြို့ဟာဆိုရင် IS စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေရဲ့ အုပ်ချုပ်ရေး မြို့တော်လည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5