IS နဲ့ ဘိုကိုဟာရမ် ပူးပေါင်းနိုင်ခြေရှိ

နိုင်ဂျီးရီးယားဘိုကိုဟာရမ်အဖွဲ့ခေါင်းဆောင် Abubakar Shekau (မေ ၂၀၁၄)

ကမ္ဘာပေါ်က အရက်စက် အကြမ်းတမ်းဆုံး စစ်သွေးကြွအဖွဲ့ နှစ်ဖွဲ့ အကြမ်းဖက်မှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖွယ်ရာ ရှိနေပါတယ်။ Nigeria Boko Haram ခေါင်းဆောင် Abubakar Shekau က IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ပါစေ သစ္စာခံသွားမယ် ဆိုပြီးတော့ ပြောဆိုထားတဲ့ အသံဖိုင် ထွက်ပေါ်လာတာပါ။

IS အဖွဲ့ကို သစ္စာခံသွားမယ်လို့ ဘိုကိုဟာရမ်အဖွဲ့က ပြောကြားခဲ့တဲ့ အကြောင်း စစ်သွေးကြွတွေကို လေ့လာစောင့်ကြည့်နေတဲ့ SITE အဖွဲ့က ဆိုပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေဟာ သူတို့ကိုယ်ပိုင် အစ္စလာမ်ဥပဒေတွေ ပြဌာန်းဖို့ ကြိုးစားနေတာဖြစ်ပြီး အရက်စက်ဆုံးနည်းလမ်းတွေကို အသုံးပြုကာ သူတို့ ရည်မှန်းချက် အထမြောက်ဖို့ ဆောင်ရွက်နေတာပါ။

မနေ့က စနေနေ့မှာ ဘိုကိုဟာရမ်အဖွဲ့ရဲ့အမာခံနယ်မြေဖြစ်တဲ့ Maiduguri မြို့ ငါးဈေးတန်းအတွင်းမှာ ဒီအဖွဲ့က လုပ်ဆောင်တာလို့ သံသယရှိတဲ့ဗုံးဖောက်ခွဲမှုအတွင်း လူပေါင်း ၅၀ လောက် သေဆုံး၊ ၁၄၀ လောက် ဒဏ်ရာရခဲ့ပြီး အခုလို ကြေညာချက်ထွက်လာတာပါ။