IS အစွန်းရောက်အဖွဲ့ ခိုလှုံနေတဲ့ နေရာမှန်သမျှကို အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ အာဖဂန်နစ္စတန် သမ္မတက အခိုင်အမာ ပြောလိုက်ပါတယ်။
အာဂဖန်နစ္စတန် နှစ် ၁၀၀ ပြည့် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ သမ္မတ Ashraf Ghani က အဲဒီလိုပြောတာပါ။ စနေနေ့ နှောင်းပိုင်းက မင်္ဂလာဆောင်ပွဲတခုမှာ ဗုံးခွဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၆၃ ဦးထက်မနည်း သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ် ဖြစ်ပြီးတဲ့နောက် သမ္မတက အခုလိုပြောတာလည်းဖြစ်ပါတယ်။
ကာဘူးလ်မြို့တော်မှာဖြစ်တဲ့ အဲဒီဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစွန်းရောက်အုပ်စုရဲ့ အာဖဂန်အဖွဲ့ခွဲက ပြောထားပါတယ်။
ဒါပေမယ့်လည်း ဒီ ဆိုးရွား ထိတ်လန့်ဖွယ် တိုက်ခိုက်မှုအတွက် တာလီဘန်အဖွဲ့မှာလည်း တာဝန်ရှိတယ်လို့ သမ္မတ Ghani က ပြောပါတယ်။ ကျောင်းတွေ၊ ဗလီတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ တခြားနေရာတွေကို တာလီဘန်အဖွဲ့ကိုယ်တိုင်က နှစ်ပေါင်း များစွာ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာတွေကြောင့် တခြားအကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်ဖို့အတွက် ဖန်တီးပေးထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။
မင်္ဂလာပွဲမှာ ဗုံးခွဲတိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က ပြစ်တင် ရှုတ်ချထားပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေအပေါ် ဒီလို ရက်ရက်စက်စက် ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာမျိုးကို ပိတ်ပင်တားမြစ်ထားပြီး ခွင့်လွှတ်စရာ အကြောင်းမရှိဘူးလို့ တာလီဘန်ပြောခွင့်ရတဦးက ပြောပါတယ်။
ဒီကနေ့မှာလည်း နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်၊ Jalalabad မြို့တော်တွင်းနဲ့ ပတ်ဝန်းကျင်မှာ ပေါက်ကွဲမှု ၁၁ ခုဖြစ်တာ ကြောင့် ကလေးငယ် အယောက် ၂၀ အပါအဝင် လူ ၅၀ ကျော် ဒဏ်ရာရသွားပါတယ်။
Your browser doesn’t support HTML5