အီရန်သမ္မတသစ် ဩဂုတ်လဆန်းမှာ ကျမ်းသစ္စာကျိန်ဆိုမည်

ရွေးကောက်ခံ အီရန်သမ္မတသစ် Masoud Pezeshkian ထောက်ခံသူများအား နှုတ်ဆက် (Photo by ATTA KENARE / AFP)

ရွေးကောက်ခံ အီရန်သမ္မတသစ် Masoud Pezeshkian ဟာ လာမယ့် ဩဂုတ်လအစောပိုင်းမှာ နိုင်ငံရဲ့ ၉ ယောက်မြောက် သမ္မတအဖြစ် လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမယ့် ဩဂုတ်လ ၄ ရက်၊ ဒါမှတ်ဟုတ် ၅ ရက်နေ့မှာ ပြုလုပ်ဖို့ရှိတယ်လို့ အီရန် လွှတ်တော်သဘာပတိအဖွဲ့ အဖွဲ့ဝင် Mojtaba Yosefi ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင် IRNA သတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးအဖွဲ့သစ်ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရဖို့ သမ္မတသစ်အနေနဲ့ ၁၅ ရက်အတွင်း တင်သွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံရဲ့ သမ္မတသစ်တွေဟာ လွှတ်တော်ရှေ့မှာ တရားဝင် ကျမ်းသစ္စာ မကျိန်ဆိုခင် အရင်ဆုံး ကျမ်းကျိန်ကြရပါတယ်။ သမ္မတသစ်ဟာ လွှတ်တော်ရဲ့ အတည်ပြုချက် မရယူခင် အီရန်ဘာသာရေးဥသျှောင်ရဲ့ ထောက်ခံမှုကို အရင်ယူရပါတယ်။

အီရန်သမ္မတဟာ နိုင်ငံတော်အကြီးအကဲ မဟုတ်ပါဘူး။ နိုင်ငံတော် အကြီးအကဲရာထူးကတော့ လွန်ခဲ့တဲ့ ၃၅ နှစ်ကြာ ဘာသာရေးဥသျှောင်အဖြစ် တာဝန်ယူထားတဲ့ Ayatollah Ali Khamenei ဖြစ်ပါတယ်။

မေလအတွင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားတဲ့ သမ္မတ Ebrahim Raisi နေရာကို အစားထိုးဖို့ အီရန်မှာ သမ္မတရွေးကောက်ပွဲတွေ ဇွန်လ ၂၈ ရက်နေ့က ကျင်းပတာမှာ ပထမအကြိမ်မှာ ဘယ်သူမှ မဲအပြတ်အသတ် အနိုင်မရတဲ့အတွက် ဇူလိုင်လ ၅ ရက်၊ သောကြာနေ့မှာ ကျင်းပတဲ့ ဒုတိယအကြော့ ရွေးကောက်ပွဲမှာ အစွန်းရောက် ရှေးရိုးဝါဒီ Saeed Jalili ကို အနိုင်ရပြီး Masoud Pezeshkian ဟာ အီရန်နိုင်ငံရဲ့ ၉ ယောက်မြောက် သမ္မတသစ် ဖြစ်လာခဲ့တာပါ။