အီရန် IRGC တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကန်သတ်မှတ်မည်

အီရန် တော်လှန်ရေး ပြည်စောင့်တပ် IRGC

အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံရဲ့ သြဇာအကြီးဆုံး လုံခြုံရေး အဖွဲ့ အီရန် တော်လှန်ရေး ပြည်စောင့်တပ် IRGC ကို ပစ်မှတ်ထားပြီး အမေရိကန် အစိုးရက ပထမဆုံး အကြိမ်အဖြစ်နဲ့ နိုင်ငံခြား အစိုးရ အစိတ်အပိုင်းတခုကို အကြမ်းဖက်ဝါဒစွဲ အဖွဲ့အဖြစ် သတ်မှတ်ဖို့ ရှိနေပါတယ်။

ဒီကိစ္စဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်တဲ့ ထူးခြားလှတဲ့ ဆောင်ရွက်ချက် ဖြစ်တယ်၊ အီရန်ဟာ အကြမ်းဖက်ဝါဒကို ထောက်ပံ့နေတဲ့ နိုင်ငံတခုအဖြစ်တင် မဟုတ်ဘဲ အီရန်တော်လှန်ရေး ပြည်စောင့်တပ် IRGC က နိုင်ငံရေး ဦးဆောင်မှုအဖြစ်နဲ့ အကြမ်းဖက်ဝါဒကို မြှင့်တင်ပြီး ငွေကြေးထောက်ပံ့မှု၊ ထဲထဲဝင်ဝင် ပတ်သက်မှု ရှိနေတယ်ဆိုတဲ့ အမှန်တရားကို အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်လို့ သမ္မတ Donald Trump က ကြေညာချက်ထုတ်ပြောဆိုထားပါတယ်။ အီရန် တော်လှန်ရေး ပြည်စောင့်တပ်ဟာ အီရန် အစိုးရ အတွက်တော့ ကမ္ဘာတလွှား အကြမ်းဖက်ဝါဒီတွေကို လှုံ့ဆော်မှုမှာ စီမံညွှန်ကြား အကောင်အထည်ဖော်မှုသာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သီတင်းတပတ် အတွင်း သက်ရောက်မှာ ဖြစ်ပြီး အီရန်တော်လှန်ရေး ပြည်စောင့်တပ် IRGC ရဲ့ လက်ရွေးစင် Quds တပ်ဖွဲ့လည်း ပါဝင်မယ့် အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုအရ IRGC အီရန် တော်လှန်ရေး ပြည်စောင့်တပ်ကို ဘယ်လိုပုံစံ ထောက်ပံ့မှုမျိုး မဆို ရာဇဝတ်မှုမြောက်မှာ ဖြစ်ပါတယ်။ အီရန် တော်လှန်ရေး ပြည်စောင့်တပ်နဲ့ စီးပွားရေး လုပ်တာ၊ ဒါမှမဟုတ်လည်း ထောက်ပံ့မှုတွေဟာ အန္တရာယ် ရှိတယ်ဆိုတာကို ဒီဆောင်ရွက်ချက်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်လိုက်တာလို့လည်း အမေရိကန် သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိမ်ဖြူတော် ကြေညာချက်ထွက်ပြီး မိနစ်ပိုင်း အကြာမှာဘဲ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က နိုင်ငံခြားရေး ဝန်ကြီးဌာန စင်မြင့်ကနေ IRGC ဟာ ကမ္ဘာတလွှား အကြမ်းဖက်ဝါဒစွဲ ဆောင်ရွက်ချက်တွေကို ဖွဲ့စည်း စီမံဆောင်ရွက်နေတယ်လု့ိ ပြောဆိုခဲ့ပါတယ်။ အီရန်ခေါင်းဆောင်တွေက လူဆိုးတွေဖြစ်ပြီး တော်လှန်ရေး သမားတွေ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ တနလာၤနေ့ ကြေညာချက်ဟာဆိုရင်လည်း အီရန် အနေနဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို ရပ်ဖို့ အတွက် အမေရိကန်ဘက်က အစွမ်းကုန် ဖိအားပေးမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

အီရန် IRGC တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကန်သတ်မှတ်