အီရန်ရေနံတင်ပို့နိုင်ငံများ ကန် ယာယီကင်းလွတ်ခွင့်ပေးမည်

အီရန်နိုင်ငံဆီကနေ ရေနံတင်သွင်းနေတဲ့ နိုင်ငံအများအပြားကို ရေနံတင်သွင်းခွင့်ကို ယာယီကင်းလွတ်ခွင့်ပေးပြီး ဆက်ပြီးခွင့်ပြုသွားဖို့ စီစဉ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ ဒါဟာ အမေရိကန်က အီရန်နိုင်ငံကို မကြာခင်ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ မခံရဘဲ ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

အီရန် နဲ့ ကမ္ဘာအင်အားကြီးနိုင်ငံ ၆ နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ နျူးကလီးယားသဘောတူညီချက်ကနေ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အခုနှစ်အစောပိုင်းက နုတ်ထွက်ခဲ့တဲ့ရလဒ်အဖြစ်နဲ့ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တနင်္လာနေ့မှာ ပြန်လည်ချမှတ်သွားမယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန်ဆီကနေ ကင်းလွတ်ခွင့်မရဘဲ အီရန်နိုင်ငံဆီကနေ ရေနံတင်သွင်းနေတဲ့ ဘယ်နိုင်ငံမဆို အမေရိကန်ရဲ့ ဘဏ္ဍာရေး ဒဏ်ခတ်မှုကိုခံရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကင်းလွတ်ခွင့်ပေးတာနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို သောကြာနေ့တုန်းက တယ်လီဖုန်း နဲ့ ပြောကြားစဉ်မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ဲ ဘယ်နိုင်ငံတွေကို ကင်းလွတ်ခွင့်ပေးပြီး၊ ဘယ်လောက်ကြာကြာပေးသွားမယ်ဆိုတာတော့ ပြောမသွားခဲ့ပါဘူး။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတော့ ကင်းလွတ်ခွင့်ပေးတဲ့အထဲမှာ မပါဝင်ဘူးလို့ သူကပြောပါတယ်။

အစောပိုင်းတုန်းကထုတ်ပြန်တဲ့ Bloomberg သတင်းအရတော့ အမေရိကန်ကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံတွေထဲမှာ တောင်ကိုရီးယား၊ အိန္ဒိယ နဲ့ ဂျပန်နိုင်ငံတွေပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီနိုင်ငံ ၃ ခုစလုံးဟာ အီရန်နိုင်ငံဆီကနေ ရေနံအကြီးအကျယ် ဝယ်ယူတဲ့နိုင်ငံတွေဖြစ်ကြပြီး၊ တကယ်လို့ သူတို့အနေနဲ့ ရေနံဝယ်တာတွေကို ရုတ်တရက်ရပ်ဆိုင်းလိုက်မယ်ဆိုရင်၊ ကမ္ဘာတဝှမ်းမှာ ဆီဈေးတွေအဆမတန် ထိုးတက်သွားမှာဖြစ်တယ်လို့ သူတို့ဘက်က ပြောပါတယ်။

Your browser doesn’t support HTML5

အီရန်ရေနံတင်ပို့နိုင်ငံများ ကန် ယာယီကင်းလွတ်ခွင့်ပေးမည်