အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်နဲ့ နိုင်ငံတကာသဘောတူညီချက်ကနေ နုတ်ထွက်သွားမယ်ဆိုရင်၊ နောက်မှာ ဒီ ဆုံးဖြတ်ချက်အပေါ် နောင်တရစရာဖြစ်လာလိမ့်မယ်လို့ အီရန်သမ္မတက တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။
အီရန် နျူကလီယားသဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်သွားမယ်ဆိုရင် သမိုင်းမှာ မကြုံစဖူး အမေရိကန်အနေနဲ့ နောင်တရစရာဖြစ်လာလိမ့်မယ်လို့ အီရန်သမ္မတ Hassan Rouhani က ရုပ်သံမိန့်ခွန်းတခုမှာ ပြောသွားတာပါ။
ဒီ နျူကလီယားသဘောတူညီချက်ကို အမေရိကန်အနေနဲ့ ဆက်ပြီး လက်ခံမလား လက်မခံတော့ဘူးလားဆိုတာကို မေလ ၁၂ ရက်နေ့ကျရင် သူ့အနေနဲ့ ဆုံးဖြတ်မယ်လို့ သမ္မတ Donald Trump က ပြောထားပါတယ်။ အီရန်ရဲ့ ပဲ့ထိန်းဒုံးလက်နက်အစီအစဉ်ကို ကန့်သတ်ဖို့အပါအဝင် အီရန် နျူကလီယားသဘောတူညီချက် ပြင်ဆင်မှုတွေ မလုပ်ဘူးဆိုရင် အမေရိကန်အနေနဲ့ ဒီ သဘောတူညီချက်ကို လက်ခံတော့မှာမဟုတ်ဘူးလို့ သမ္မတ Trump က ပြောထားပါတယ။်
အီရန်ဖက်ကတော့ ၂၀၁၅ ခုနှစ်က နိုင်ငံတကာနဲ့ ရထားတဲ့ နျူကလီယားသဘောတူညီချက်ကို ပြန်ပြင်ဆင်တာ လက်ခံမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ စိတ်ရင်းစေတနာကောင်းတဲ့ ရထားတဲ့ ဒီ သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်တာ ဒါမှမဟုတ် ထပ်မံဖြည့်စွတ်တာမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ အီရန်နိုင်ငံ လုံခြုံရေးကို ပြင်ပကစွတ်ဖက်လာတာမျိုးလည်း လက်ခံမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Javd Zarif က ပြောခဲ့တာပါ။
အမေရိကန်အနေနဲ့ ဒီ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတိုင်း သမ္မတ Trump က လုပ်လာမယ်ဆိုရင် ၊ အီရန်ဖက်ကတည်း ဒီသဘောတူညီချက်ကနေ နုတ်ထွက်မယ်လိုပ အီရန်ရဲ့နိုင်ငံဥသျှောင် Ayatollah Ali Khamenei ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီ သဘောတူညီချက်ကို ပြန်လည်ပြင်ဆင် မွန်းမံတာမျိုးလည်း လက်ခံမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒီ သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ ဗြိတိန် ပြင်သစ်နဲ့ဂျာမဏီနိုင်ငံတို့ကတော့ ဒီ သဘောတူညီချက်ကနေ အမေရိကန် မနုတ်ထွက်ဖို့ သမ္မတ Trump ကို ဖျောင်းဖျနေကြပါတယ်။ ဒီ သဘောတူညီချက်ကို ကုလ လုံခြုံရေးကောင်စီရဲ့ ကျန်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကလည်း လက်မှတ်ထိုးထားကြတာပါ။
Your browser doesn’t support HTML5