ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်း ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က ဗန်းမောက်ကျေးရွာကနေ ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ စစ်ရှောင် ထော်လာဂျီကို စစ်ကောင်စီဒရုန်းဗုံးနဲ့တိုက်ခိုက်မှုမှာ ၈ နှစ်အရွယ်ကလေးငယ် ၁ဦး အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးက VOA ကို ပြောပါတယ်။ ဖယ်ခုံ-ပင်လောင်း တဝိုက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးဒုက္ခသည် စုစုပေါင်း ၇ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNDF က အတည်ပြုပါတယ်။ တိုက်ပွဲတွေကြား အသက်လုပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် အောက်တိုဘာ ၃၁ ရက် ကြာသပတေးနေ့က ရှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်က ဗန်းမောက်ကျေးရွာကနေ ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ ရွာသူရွာသားရဲ့ ထော်လာဂျီကားကို ၁၂၀ မမ ဒရုန်းဗုံး ၂လုံးနဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ပါတယ်။ ထိတွေ့မှု ဖြစ်ပွားတဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးတာ ဆန်ရိက္ခာသယ်ထုတ်ပေးတာတွေ ကာကွယ်ရေးတပ်ဖွဲ့က ကူညီကာကွယ် ကယ်ထုတ်ပေးနေတဲ့အချိန် ကြာသပတေးနေ့က ၁၂၀ မမ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က နောက်ဆုံးရထားတဲ့ သေဆုံးသူဦးရေစာရင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက VOA ကို ပြောပါတယ်။
"ဗန်းမောက်ကနေ ပင်လောင်းဖက်ကိုသွားတဲ့ စစ်ရှောင်ယာဉ်တန်းကို စစ်ကောင်စီ ဒရုန်းဗုံးချတဲ့ အတွက် ပြည်သူပေါ့နော် အမျိုးသမီး ၃ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး ၃ဦးကတော့ အသက် ၆၀ ကျော်တဦးရယ် ၃၆ နှစ်တစ်ဦး ပြီးတော့မှ ၈နှစ်အရွယ် ကလေးသူငယ် ၁ဦး ပါပါတယ်ပေါ့နော်၊ စုစုပေါင်း ၃ဦး သေဆုံးခဲ့ပါတယ်ဗျ။ အဲ့ဘက်မှာတော့ တိုက်ပွဲတွေကတော့ ဖြစ်ပွားနေတုန်းဖြစ်ပါတယ်။ နှစ်ဘက်ပေါ့နော် တိုက်ပွဲဖြစ်ပွားနေတုန်းဖြစ်တယ်၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေရော ဒရုန်းဗုံးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေပေါ့နော် အဆက်မပြတ် လုပ်ဆောင်နေပါတယ်။"
စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ စစ်ကောင်စီရဲ့ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း Karenni Hope မြေပြင်တာဝန်ခံနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောဆိုထားပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်း အားကိုးပြီး ပင်လောင်းလမ်းကြောင်းကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်လာလိုက် အခြေအနေပြန်တည်ငြိမ်သွားလိုက်နဲ့ အခုဆို တစ်လလောက်ရှိလာပြီးလို့ ပါဝင်တိုက်ခိုက်နေတဲ့ Karenni Hope မြေပြင်တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်လာတဲ့အခြေအနေကို Karenni Hope မြေပြင်တာဝန်ခံက VOA ကို ခုလို ပြောထားပါတယ်။
“သူတို့က စစ်ကြောင်းထိုးနေတော့ (တိုက်ပွဲ)ရှိတယ်ဗျ။ ကျနော်တို့ ကာကင်းတွေနဲ့ ခဏခဏပစ်ပါတယ်။ ကျနော်တို့ ကင်းရှိတယ်၊ ကာထားတယ်ပေါ့နော် သူတို့ထိုးလို့မရအောင် သူတို့ ထိုးလာရင်လည်း အဲ့လိုမျိုးထိတွေ့တာပေါ့နော် ထိတွေ့မှုဖြစ်တယ်။ ကြာပြီးဗျ တစ်လဝန်းကျင်လောက်တော့ ရှိပြီးဗျ၊ အဲ့လို ဖြစ်လိုက် နာသွားလိုက် စစ်ကြောင်းထိုးလာလိုက်ပေါ့နော် အဲ့လိုပဲ။”
အခု စစ်ရေးပြင်းထန်နေတဲ့ ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်က ခေါင်အိကျေးရွာအုပ်စုမှာတော့ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးဒုက္ခသည် စုစုပေါင်း ၇ထောင်ကျော်ရှိ သွားပြီဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက နိုဝင်ဘာ ၄ရက် ဒီကနေ့မှာ VOA ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေဆိုအတည်ပြုထားပါတယ်။
အခုလို ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေချိန် စစ်ကောင်စီတပ်ဟာ ဒေသခံတွေ့ရဲ့ နေအိမ်မှာ ကျန်ရှိနေတဲ့ ပစ္စည်း ယူသွားတာ နေအိမ်မီးရှို့ဖျက်ဆီးနေတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက နိုဝင်ဘာ ၄ရက် ဒီကနေ့မှာ VOA ကို ပြောပါတယ်။
“ နမ့်ဖမူ၊ ကုန်းပေါ်၊ ဗန်းမောက်၊ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီဖက်က ပြည်သူတွေရဲ့ ကျေးရွာတွေထဲကို ပြည်သူတွေရဲ့ နေအိမ်ထဲကို ပစ္စည်းတွေ ခိုးယူတာမျိုးတွေ လုပ်နေပါတယ်။ နောက်တော့မှ မီးရှို့တာမျိုးလည်း လုပ်ပါတယ်။ ဖယ်ခုံမြို့ပေါ်ရဲ့ ရပ်ကွက်တွေကိုလည်း နေ့တိုင်းပေါ့နော် စစ်ကောင်စီက မီးရှို့တာတွေ လုပ်နေပါတယ်။”
ဗန်းမောက်၊ နမ့်ဖမူကျေးရွာဘက်မှာတော့ ခန့်မှန်းချေ ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကို သိရတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ပြည်နယ်ထဲကို ရှောင်လာတာက အယောက် ၅၀၀ ရှိတယ်လို့ ကျနော်ပြောလို့ရတယ်ပေါ့။ ၅၀၀ ဆိုတာ ဒီဖက်ခုံအရှေ့ခြမ်းပေါ့နော်၊ မိုးဗြဲဆည်ရဲ့ အရှေ့ခြမ်းမှာ ၅၀၀ နီးပါးရှောင်လာတယ်။ နောက်တချို့နေရာကို ဖယ်ခုံအလယ်ပိုင်းပေါ့ အနောက်ဖက်ခြမ်းကို ရွှေ့တာရှိတယ် အားလုံးကတော့ အယောက် နှစ်ထောင်(၂၀၀၀)လို့တော့ ပြောကြတယ်ပေါ့နော်၊ ဒါပေမယ့် ကျနော်တို့ အတိအကျမသိနိုင်ဘူးဖြစ်နေတယ်၊ အဲ့လိုမျိုး (လူတွေ)ပြန့်ကျဲတဲ့ အတွက်ကြောင့်မိုးလေ။ နောက်ပြီးတော့ အဲ့ဒီနေရာက သွားတာလာတာ နည်းနည်းခက်တယ်၊ စစ်ကောင်စီနဲ့ အခုတော့ ဆက်တိုက်ဖြစ်နေတော့ ကျနော်တို့လည်း လက်လှမ်းမမီ Humanitarian ဌာန၊ ဒီဖက်အရပ်သားတွေ အုပ်ချုပ်ရေး လုပ်ငန်းနေသူတွေ သွားလို့မရဘူး ဖြစ်နေတယ်။ အဓိက သူက တိုက်ပွဲဇုန် ဖြစ် နေတာပေါ့နော်။”
လတ်တလော ပင်လောင်း-ဖယ်ခုံက စစ်ရေးအခြေအနေဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသေးသလို ပင်လောင်း-ဖယ်ခုံကတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။