(Zawgyi/Unicode)
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင်ပိုင်းကို စစ်တပ်က ဖမ်းဆီးထားချိန် အမှုဆောင် အဖွဲ့ဝင် တချို့က ရွေးကောက်ခံ လွှတ်တော် အမတ်တွေကို ဆက်လက် ဦးဆောင်နေပါတယ်။ ရွေးကောက်ခံ လွှတ်တော် အမတ်တွေရဲ့ ကျမ်းကျိန်ခွင့်က ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ အကျုံးဝင်တာကြောင့် ဒီအချိန်ထိ စစ်တပ်က ဝိုင်းရံ ထိန်းသိမ်းထားနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။
နေပြည်တော် စည်ပင်ဝင်းမှာ လုံခြုံရေးနဲ့ ထိန်းသိမ်းခံထားရသူ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်အမတ် ဦးတင်ထွန်းနိုင်ကို Skype ကနေ တဆင့် မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။
သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဆရာတို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပါတီဗဟိုကနေပြီးတော့ ဘာများညွှန်ကြားလာပါသလဲဆရာ ၊ ဆရာတို့ ဘာသိထားပါပြီလဲ။
ဦးတင်ထွန်းနိုင်။ ။ လောလောဆယ်တော့ ကျနော်တို့ကို ဒီကနေ့တော့ဗျာ ပါတီကနေပြီးတော့ပဲ သူတို့ ညွှန်ကြားချက်အတိုင်း ကျနော်တို့အားလုံး လိုက်နာရမယ်ဆိုတဲ့ သတင်းစကားပဲ အရင်ရောက်ထားသေးတယ်ဗျ။ ညွှန်ကြားချက် အသေးစိတ်တော့ ကျနော်တို့ဆီကို အခုအချိန်ထိ မရောက်သေးပါဘူးခင်ဗျ။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ဆိုတော့ ပါတီခေါင်းဆောင်ပိုင်း အားလုံးလိုလိုက ထိန်းသိမ်းခံထားရတော့ ဘယ်သူက ညွှန်ကြားနေပါသလဲ ဆရာတို့ကို။
ဦးတင်ထွန်းနိုင်။ ။ ကျနော်တို့ စည်ပင်ရိပ်သာထဲမှာတော့ ပါတီရဲ့ CEC ပေါ့လေ အန်တီ ဒေါ်မေဝင်းမြင့်တို့ ၊ ဦးအောင်ကြည်ညွန့်တို့ ၊ ဦးအင်ထုံခါးနော်ဆန်တို့ ၃ ဦးရှိပါသေးတယ်ခင်ဗျ ။ အဲဒီတော့ သူတို့က တဆင့်ပဲ ကျနော်တို့ဆီကို သတင်းစကားတွေ လာနေတာပါဗျာ။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဆိုတော့ ဆရာတို့ စည်ပင်ဝန်းရဲ့ အပြင်ဘက်ကနေပြီးတော့ ဘာမှ ညွှန်ကြားချက် ရတာမရှိသေးဘူးပေါ့နော် အဲဒီသဘောလားရှင့်။
ဦးတင်ထွန်းနိုင်။ ။ အဲဒါကတော့ သူတို့ဆီတော့ ရကောင်းရမှာပေ့ါဗျာ။ ကျနော်တို့ဆီကိုတော့ အခုအချိန်ထိတော့ အဲဒီသတင်းစကား နောက်ဆုံး စီးဆင်းမှုကတော့ အသေးစိတ်တော့ ကျနော်တို့ မရသေးပါဘူး။ ကျနော်တို့ကိုတော့ ဒီပါတီကနေ ညွှန်ကြားတဲ့အတိုင်းပဲ သတင်းစကားကို စောင့်ပါဆိုပြီးတော့ပဲ ပြောထားပါသေးတယ်ခင်ဗျ။
သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဆရာတို့ လက်ရှိပေါ့နော် လွှတ်တော်အမတ်တွေ ဝိုင်းခံထားတော့ ၊ ဒီနေ့ ဒါ လွှတ်တော်အစီအစဉ်ကလည်း ပျက်သွားတာပေါ့နော် မတက်ရဘူးဆိုတော့ ရှေ့ဆက်ပြီးတော့ ဘယ်လို ဆက်သွားကြမလဲရှင့် ဒီ ပါတီလိုင်းအနေနဲ့။
ဦးတင်ထွန်းနိုင်။ ။ လောလောဆယ်ကတော့ ကျနော်တို့က ခုန ကျနော်ပြောခဲ့သလိုပဲရှေ့ဆက်သွားရမယ့် ကျနော်တို့ရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်ဆိုတာကတော့ လူကြီးများကနေပြီးတော့ ကျနော်တို့ဆီကို သတင်းစကားရောက်လာပါလိမ့်မယ်။ ရောက်လာမယ်ဆိုတာ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကပဲ သူတို့ညွှန်ကြားတဲ့အတိုင်း ရှေ့ဆက်ပြီးတော့ ကျနော်တို့က လိုက်ပါဆောင်ရွက်ရမယ့် တာဝန်ရှိတဲ့ အခါကျတော့ ကျနော်တို့လည်း ဒါပဲ စောင့်နေတာဖြစ်ပါတယ်ခင်ဗျ။
သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ထိန်းသိမ်းခံထားရတာပေါ့နော် ၊ ဆိုတော့ ဆရာတို့ ဒါနဲ့ ပတ်သက်ပြီးတော့ ပါတီဝင်တွေအကြား ရွေးကောက်ခံ လွှတ်တော်အမတ်တွေကြား၊ ဘာများဆွေးနွေးထားပါသလဲရှင့်။
ဦးတင်ထွန်းနိုင်။ ။ ကျနော်တို့ကတော့ ပါတီကနေပြီးတော့ ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နောက်ဆုံးသတင်းအရတော့ နေအိမ်မှာပဲ သူ အကျယ်ချုပ် ပုံစံမျိုးပေါ့လေ သူတို့ခေါ်တဲ့နေရာမှာ ရှိနေတာမျိုးမဟုတ်ပဲနဲ့ နေအိမ်မှာပဲ ရှိနေတယ်။ သူလည်း မကြာခဏ ခြံထဲ လမ်းလျှောက်ဆင်းတာနဲ့ ဘာနဲ့ညာနဲ့ လုပ်နေတယ်ဆိုတော့ လက်တလောကတော့ ကျနော်တို့ ခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကတော့ ကျနော်တို့ စိတ်အေးကြပါတယ်။
စိတ်အေးကြတယ်ဆိုသော်လည်း အခုဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ သူတို့ကလည်း အတင်းကိုပဲ ကျနော်တို့ အခုဆိုရင် ပြည်ထောင်စုဝန်ကြီးတွေပါ အပါအဝင်ဗျာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူရရှိထားတဲ့ အခွင့်အာဏာနဲ့ အပြောင်းအလဲတွေ ချက်ချင်းလုပ်နေတယ်။ ဒုဝန်ကြီးတွေကို သူတာဝန်ကနေ ရပ်စဲနေတယ် ဆိုတဲ့အခါကျတော့ သူတို့ကတော့ ဒီလုပ်ငန်းစဉ်ကို အခြေခံဥပဒေနဲ့ အညီဆိုပြီးတော့ အဲလိုမျိုးပြောရင်းနဲ့ပဲ မဖြစ်ဖြစ်အောင် သူတို့ကတော့ ရှေ့ဆက်သွားနေတယ်လို့ ကျနော်တို့မြင်ပါတယ်။ မြင်တဲ့အခါကျတော့ ဒီအပေါ်မှာ ကျနော်တို့ ခေါင်းဆောင်ဘက်ကနေပြီးတော့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲ ကျနောတို့ အထူးသဖြင့် အဖွဲ့ချုပ် ကိုယ်စားလှယ်တွေပေါ့ ဒါကိုပဲ ကျနော်တို့ စောင့်ဆိုင်းနေတဲ့အနေအထားမှာပဲ ရှိပါတယ်ဗျ။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အဲဒီတော့ ဆရာ့ တဦးတည်းသဘောအရ ဒီအဆိုးဆုံးအခြေအနေ ဘယ်အထိ ဖြစ်သွားနိုင်ပါသလဲ။
ဦးတင်ထွန်းနိုင်။ ။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးပေါ့လေ၊ တဦးတည်းအမြင်အရပြောလို့ရှိရင် သူတို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ဒါကို ဆောင်ရွက်တယ်လို့ ပြောထားတယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီတာ မညီတာကို ကျနော်တို့ ခဏထား ၊ သို့သော် သူတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီဆောင်ရွက်မယ်ဆိုရင်တော့ အထူးသဖြင့် ကျနော်တို့ စည်ပင်ရိပ်သာထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အရဆိုရင်တော့ ကျနော်တို့က ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျနော်တို့ လက်ရှိသက်တမ်းက ကုန်ဆုံးမယ်ပေါ့ဗျာ။
အဲဒီတော့ ဒီနေ့မှာ ကျနော်တို့ ကျမ်းကျိန်ရမှာဖြစ်တယ်။ ကျမ်းကျိန်ရမှာကလည်း ရွေးကောက်ပွဲပြီး ရက်ပေါင်း ၉၀ ဆိုတော့ကျနော်တို့က ဖေဖော်ဝါရီ ၆ ရက်နေ့ အတောအတွင်းပေါ့ ကျမ်းကျိန်ခွင့်ရှိတယ်။ ဒီနေ့ကို သူတို့က ကျမ်းကျိန်ခွင့်မပေးတဲ့အခါကျတော့ ကျနော်တို့က ကျမ်းကျိန်အပြီးပေါ့လေ ၂၀၂၀ ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေတော့ မဖြစ်တော့ဘူးပေါ့ဗျာ။ အခုအချိန်ထိတော့ မဖြစ်သေးဘူးပေါ့လေ။ အဲဒီတော့ ၆ ရက်နေ့ အတောအတွင်းအထိ ကျနော်တို့က ကျမ်းကျိန်ခွင့်ရှိနေတဲ့ အခါကျတော့ သူတို့ကတော့ ဒီ ၆ ရက်နေ့ မတိုင်ခင်အထိတော့ ကျနော်တို့ရဲ့ ကျမ်းကျိန်ခွင့်ကို ၆ ရက်နေ့ မတိုင်ခင်အထိ ကန့်သတ်ထားမလား ဆိုတဲ့အတွေးမျိုးတော့ ရှိပါတယ်။
နောက်တချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုရင် နိုင်ငံတော်ရဲ့ အာဏာ ၃ ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံ နဲ့ ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ သူက ယူလိုက်ပြီပေါ့နော် ။ ယူလိုက်တဲ့အခါကျတော့ ဖွဲ့စည်းပုံ အရပဲ သူပြောသလို ဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ကိုယ်စားလှယ်တွေအပေါ်မှာ သူ့အနေနဲ့က ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်မယ်ဆိုရင်တော့ အဆိုးဆုံးအခြေအနေကတော့ ခင်ဗျားတို့က ကိုယ်စားလှယ်မဟုတ်တော့ဘူး ၊ ယခင်ကိုယ်စားလှယ်သက်တမ်းလည်း ကုန်သွားပြီ။ ယခုကိုယ်စားလှယ်ကလည်း ကျနော်တို့က အာဏာ ၃ ရပ်ယူလိုက်တဲ့အခါကျတော့ လွှတ်တော်ကလည်း ဖျက်သိမ်းပြီ ဖြစ်တယ်လို့ မှတ်ယူရမယ် ဆိုတဲ့အခါကျတော့ ခင်ဗျားတို့က ကိုယ်စားလှယ်မဟုတ်တော့ဘူးဆိုတဲ့အခါကျတော့ တနည်းတဖုံနဲ့ပေါ့ဗျာ ကျနော်တို့ကို ပြန်လွှတ်ဖို့ပဲ ရှိပါတယ်။
သူတို့အနေနဲ့ပေါ့လေ ပြန်လွှတ်ဖို့ပဲ ရှိပါတယ်။ ဒါကို သူတို့က နိုင်ငံတကာကိုလည်း ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်တယ်ဆိုရင်တော့ ကျနော်တို့ကို လူစုခွဲဖို့နဲ့ ကိုယ်စားလှယ်အဖြစ်ကနေပြီးတော့ ကျနော်တို့က မရှိတော့တဲ့အခါကျတော့ ပြန်ကြဖို့ ဆိုတာမျိုးပဲ ဆောင်ရွက်ရမှာပေါ့နော်။ ဒါကတော့ ဖွဲ့စည်းပုံအရ ကျနော်ပြောတာပါ။ သို့သော် သူတို့ လက်တွေ့မှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတာမျိုးကတော့ သူတို့ပဲ သိမှာဆိုတော့ ကျနော်တို့ မှန်းဆလို့တော့ မရပါဘူး။
သိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဆရာတို့ ဒီလို လွှတ်တော်တက်ဖို့ ပြင်နေတဲ့အချိန်မှာ စစ်တပ်က ထိန်းသိမ်းမယ်ဆိုတဲ့ အခြေအနေမျိုးကို ဗြုန်းစားကြီး ဒီနေ့မှ သိရသလား၊ ဒါမှမဟုတ် ကြိုပြီးတော့ ဒါမျိုး အရိပ်အရောင်မျိုး သိခဲ့တာမျိုး ရှိပါသလားရှင့်။
ဦးတင်ထွန်းနိုင်။ ။ ကျနော်တို့အနေနဲ့တော့ ဒီလွှတ်တော်တက်တော့မယ်ဆိုတဲ့အခါမှာ လက်တလောပေါ့ ဒီရက်ပိုင်းဖြစ်နေတဲ့ နိုင်ငံရေး အလှုပ်အခတ်နဲ့ဆိုတော့ သူတို့ဘက်က ဒီလို လုပ်ကောင်းလုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့နော် အာရုံကနေပြီးတော့ လူကြီးတွေဘက်ကလည်း ရိပ်ဖမ်းသံဖမ်းနဲ့ ကျနော်တို့ကို အသွားအလာဆင်ခြင်ကြဖို့ မှာတာတွေကြားပါတယ်။ ကြားတဲ့အခါကျတော့ ဒီလို လုပ်ကောင်းလုပ်နိုင်တယ်ဆိုတာမျိုးကတော့ ကျနော်တို့က မျှော်လင့်ပြီးသားပါ။ ဗြုန်းစားကြီး ကျနော်တို့ မမျှော်လင့်ပဲနဲ့ သိရတာမျိုး မဟုတ်ပါဘူး။
သို့သော် တကယ်ထလုပ်လိုက်တဲ့အနေအထားမှာတော့ နည်းနည်းလေးတော့ ကျနော်တို့အနေနဲ့ ကိုယ်မှန်းထားတာက မျှော်လင့်ထားတယ်ဆိုပေမယ့် တကယ်သူတို့ ဒီလိုမျိုး လုပ်လိုက်တဲ့အနေအထားကတော့ လက်တွေ့မှာတော့ နည်းနည်းလေး ကျနော်တို့ လက်ခံဖို့ကတော့ အခက်အခဲနည်းနည်းရှိပါတယ်။
ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်အမတ် ဦးတင်ထွန်းနိုင်ကို Skype ကနေ တဆင့် မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းခဲ့တာပါ။
Your browser doesn’t support HTML5
Your browser doesn’t support HTML5
ပိတျဆို့ခံနရေတဲ့ NLD အမတျတှေ ဘာဆကျလုပျကွမလဲ
(Unicode)