မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြား၊ မုန်းတီးမှုတွေကို ဆိုရှယ်မီဒီယာကနေ ဖြန့်ဝေလှုံဆော်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရာမှာ တာဝန်ရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ Facebook ကုမ္ပဏီ ဟာ နောက်ထပ် လှုံဆော်ဖြန့်ချိမှုတွေ မဖြစ်ပေါ်ရေး ပိတ်ပင်တားဆီးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်း ဆွေးနွေးမှုတွေရှိနေပါတယ်။
အဲဒီလို ဆွေးနွေးတဲ့အထဲမှာ စစ်တပ်နဲ့ နီးစပ်တဲ့အဖွဲ့အဖြစ် စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့လည်းပါပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်တွေဟာ မှန်ကန်မှု မရှိကြောင်းနဲ့ MIPS ဟာ လွတ်လပ်တဲ့ ပညာရှင်အဖွဲ့ဖြစ်ကြောင်းMIPS အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ဗွီအိုအေကို တုန့်ပြန်ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အမုန်းစကားပွားများမှုတွေအတွက် အသုံးချခဲ့တဲ့ Facebook ရဲ့ အခန်းကဏ္ဍကို သုတေသန ပြုစုခဲ့တာသာဖြစ်ကြောင်း မအင်ကြင်းနိုင်နဲ့ သီးသန့်မေးမြန်းခန်းမှာ ဒေါက်တာမင်းဇော်ဦးက အခုလိုပြောပါတယ်။
“ အဓိက စွပ်စွဲတာက MIPS ကို တပ်မတော်နောက်ကနေပြီး အထောက်အကူပြုတာ အကူညီပေးထားတဲ့ အဖွဲ့အစည်းဆိုပြီး စွပ်စွဲတယ်။ ဘာကြောင့် အဲလိုပြောရလဲလို့ လိုက်ကြည့်လိုက်တော့ အဓိကဖြစ်တဲ့ အကြောင်းအရင်းကတော့ ကျနော်တို့မှာက ရခိုင်ကိစ္စ ကျနော်တို့မလုပ်ဘူးလေ၊ ရခိုင်ကိစ္စနဲ့တော်တော်များများ ဝေးဝေးနေတာများပါတယ်။ ဒီလိုမျိုးကျနော်တို့ကို စွပ်စွဲလိုက်တာတွေရှိလာတဲ့အခါမှာ ပြန်ကြည့်လိုက်တော့ ကျနော်တို့က social media နဲ့ ပတ်သက်ပြီးတော့ သုတေသနလုပ်တယ်။ လုပ်တဲ့အခါမှာ ကမ္ဘာပေါ်မှာရှိတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး လေ့လာတဲ့ ထိပ်တန်းသက္ကသိုလ်တွေပေါ့နော် Peace Research Institute Oslo (PRIO) လို နော်ဝေးတို့ ဆွီဒင်တို့က တက္ကသိုလ်တွေနဲ့ လုပ်တဲ့ academic research တွေရှိတယ် ။ ဒါကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာမဟုတ်ဘူး။ ဒါကျနော်တို့ ပညာရေးပိုင်းဆိုင်ရာနဲ့ လုပ်တဲ့ research တွေရှိတယ်။ အဲဒီမှာ သုတေသနလုပ်တယ် ။ လုပ်တဲ့အခါမှာ social media နဲ့ ပတ်သက်တဲ့ research တွေပါတယ်။ အဲဒီတော့ social media နဲ့ ပတ်သက်တဲ့ research တွေလုပ်ရင်းနဲ့ facebook social media ကုမ္ပဏီတွေကလည်း ကျနော်တို့ကို စိတ်ဝင်စားပြီးတော့ ခင်ဗျားတို့ research မှာ ဘာတွေတွေ့လဲ ဆိုပြီး ကျနော်တို့ကို လာပြီး တွေ့ဆုံဆွေးနွေးတာတွေရှိတယ်။ ကျနော်တို့ကလည်း ကျနော်တို့ ပဏာမ တွေ့ရှိချက်တွေကို ပြောပြတယ်။ အဲဒီမှာ Fake account တို့ သတင်းမှားတွေတင်တာမှာ နှစ်ဘက်လုံးမှာ ရှိနေတယ်ဆိုတာကို ကျနော်တို့ ပြောပြတယ်။ ဥပမာ- တပ်မတော်ကို ထောက်ခံတဲ့ အကောင့် ဒါတွေကတင်တယ်၊ ခုနက ရခိုင်မှာရှိတဲ့ မွတ်ဆလင်တွေ၊ ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာအုပ်စုတွေ ထောက်ခံတဲ့ အကောင့်တွေကလည်း တင်တယ်ဆိုတဲ့ ဟာတွေကို တွေ့တယ်လို့ ပြောပြတာတွေ ရှိတယ်။
အင်ကြင်းနိုင်။ ။ အခု MIPS က စစ်တပ်နဲ့ နီးစပ်တယ်ဆိုတဲ့ စွပ်စွဲချက်ပေါ်မှာ ဘယ်လိုတုန့်ပြန်ချင်လဲရှင့်။
ဒေါက်တာ မင်းဇော်ဦး။ ။ အဓိကကတော့ ကျနော်တို့က ဒီလို သုတေသန အချက်အလက်တွေကို ကျနော်တို့ ပြောတဲ့အခါမှာ သူတို့မလိုတဲ့အချက်တွေ ပါလာတယ်။ ပါလာတဲ့အခါမှာ ကျနော်တို့ကို ဒါက နာမည်ဖျက်ဖို့ တံဆိပ်ကပ်တဲ့ပုံစံမျိုးပေါ့။ အဲတော့ တံဆိပ်ကပ်လိုက်ပြီဆိုရင် နိုင်ငံတကာမှာ ကျနော်တို့ရဲ့ ပြောတဲ့အချက်တွေကို နိုင်ငံတကာက လက်မခံဘူးဆိုတာဖြစ်အောင် လက်ဦးအောင် လုပ်တာလို့ပဲ ကျနော် မြင်တယ်။ မလုပ်သင့် မလုပ်အပ်တဲ့အရာလို့ပဲ ကျနော်ထင်ပါတယ်။
အင်ကြင်းနိုင်။ ။ ကိုမင်းဇော်ဦးတို့ တွေ့ရှိချက်အရဆိုရင် လူနည်းစုဘာသာတွေဘက်ကလည်း ပြန်ပြီးတော့ မဟုတ်သတင်းဖြန့်တယ်ဆိုတဲ့ အနေအထားမျိုးတွေ့တယ်ဆိုတော့ ဥပမာ ပေးလို့ရမလား။ ဘယ်လိုအချက်အလက်တွေကို သူတို့ မဟုတ်သတင်းထုတ်လွှင့်တာမျိုး၊ ဖြန့်တာမျိုး ရှိခဲ့လဲရှင့်။
ဒေါက်တာမင်းဇော်ဦး။ ။ ဥပမာ ရခိုင်ကိစ္စဖြစ်တုန်းကဆိုရင် ၂၀၁၇နှောင်းပိုင်းမှာ သတင်းအတုတက်လာတာ အရမ်းများတယ်။ အကောင့်အတုတွေနဲ့။ အဖွဲ့အစည်းတွေရဲ့ အကောင့်တွေကတော့ သတင်းအတု ဖြန့်တာ နည်းတယ်။ နှစ်ဖက်လုံးမှာ နည်းတယ်။ နှစ်ဖက်လုံးမှာ အဖွဲ့အစည်းနာမည်နဲ့ တရားဝင်အကောင့်တွေကတော့ နည်းပေမဲ့ အကောင့်အတုတွေနဲ့ ဥပမာ ဓါတ်ပုံတွေဆိုရင် အခြားနိုင်ငံ ဓါတ်ပုံတွေ ယူလာပြီးတော့ ဒီလိုမျိုးသတင်းဖြန့်တာတွေက တော်တော်ကို များတယ်။ ဒီဟာတွေကို နောက်ပိုင်းမှာတော့ Facebook ကနေ ပစ်မှတ်ထားပြီးတော့ အကောင့်တုတွေ ဖယ်ရှားဖို့လုပ်တယ်။ ဖယ်ရှားခဲ့တာတွေရှိတော့ တစုံတရာတော့ ထိရောက်တယ်။ ထိရောက်တာက ဘယ်နေရာမှာ ထိရောက်လည်းဆိုတော့ ရခိုင်အရေးနဲ့ ပတ်သက်လို့ရှိရင် အမုန်းစကားတွေပြောတာ တော်တော်လျော့သွားတာတွေ တွေ့ရတယ်။ နောက် ဘာသာရေးနဲ့ပတ်သက်တဲ့ အမုန်းစကားပြောတာတွေ တော်တော်လျော့သွားတာ တွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့ တွေ့ရတဲ့ဟာက မြန်မာတိုင်းရင်းသားအချင်းချင်း ဥပမာ- ရှမ်းနဲ့ ပလောင်လိုဟာမျိုး၊ အခုဆိုရင် မြန်မာနဲ့ ရခိုင်လို ဟာမျိုး၊ ဒီလိုကြားထဲမှာ အမုန်းစကားပြောတာက ဟိုးအရင် ရခိုင်အရေးမှာပြောခဲ့တဲ့ အမုန်းစကားတွေထက် ပိုပြီးများလာတာကို ကျနော်တို့က တွေ့ရတော့ ဒါတွေကိုလည်း Facebook ကို ထောက်ပြခဲ့တာတွေရှိတယ်။
အင်ကြင်းနိုင်။ ။ MIPS က Facebook နဲ့ တိုက်ရိုက်ဆက်ဆံ အလုပ်လုပ်နေတာမျိုး ရှိပါလား။
ဒေါက်တာ မင်းဇော်ဦး။ ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ ကျနော်တို့က သုတေသန အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ကို လာပြီးတွေ့ရင် Facebook လည်း ကျနော်တို့ လက်ခံဆွေးနွေးတယ်။ အခြား ဆိုရှယ်မီဒီယာ အဖွဲ့အစည်းတွေကိုလည်း လက်ခံဆွေးနွေးတယ်။ ကျနော်တို့ သုတေသနတွေကို ဝေမျှပါတယ်။ Facebook team ရန်ကုန်ကို လာတဲ့အခါမျိုးဆို ကျနော်တို့နဲ့ တွေ့တာတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို သုတေသနကို စနစ်တကျ ပညာပိုင်းဆိုင်ရာ ပြုစုနေတာဆိုလို့ သိပ်မှ မရှိတာ။ ကျနော်တို့ ဆိုတဲ့ နေရာမှာ MIPS တခုတည်း မဟုတ်ပါဘူး။ ဒီ Project ကို အတူတွဲလုပ်နေတာက University of Oslo က Peace Research Institute Oslo (PRIO) လိုအဖွဲ့နဲ့ တွဲလုပ်နေတယ်။ PRIO ဆိုတာက သုတေသနအဖွဲ့အစည်းအကြီးကြီးပါ။ ဒါက နော်ဝေးအစိုးရက ထောက်ပံထားတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ဒါတွေနဲ့ ကျနော်တို့က တွဲပြီး အလုပ်လုပ်နေတယ်ဆိုတော့ သူတို့အနေနဲ့ ကျနော်တို့ သုတေသနစာတမ်းတွေကို စိတ်ဝင်စားတော့ ကျနော်တို့နဲ့ လာပြီးဆွေးနွေးတာမျိုး ရှိဘူးပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ တရားဝင် ဆက်တံတာမျိုး မရှိပါဘူး။
Your browser doesn’t support HTML5