ICJ မြန်မာအမှု ဖေဖော်ဝါရီလကုန်ကြားနာမည်

  • ဗွီအိုအေမြန်မာပိုင်း

နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာ့အရေးကြားနားခဲ့စဉ် (ဓာတ်ပုံ - ရိုက်တာ)

နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် မြန်မာနိုင်ငံဘက်က ချေပခဲ့တာတွေအပေါ် ကြားနာပွဲတရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လုပ်သွားမယ်လို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့ အခြေစိုက် ICJ တရားရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် ရှင်းလင်းရေးစစ်ဆင်မှုအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတာပါ။ အဲဒီစွပ်စွဲချက်အတွက် ပထမဆုံး ကြားနာပွဲ ကို ၂၀၁၉ ခုနှစ်ကလုပ်ခဲ့ပြီး အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ချေပခဲ့တာပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာစမယ့် ကြားနာပွဲကို လူကိုင်တိုင်တက်ရောက်တာနဲ့ အွန်လိုင်းက တက်ရောက်တာ နှစ်မျိုးရော လုပ်သွားမယ်လို့ ICJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အများပြည်သူ နားထောင်နိုင်တဲ့ ကြားနာပွဲဖြစ်ပြီး ICJ ရဲ့ အင်တာနက်စာမျက်နှာနဲ့ ကုလသမဂ္ဂရဲ့ အွန်လိုင်း ရုပ်သံလွှင့်စာမျက်နှာ UN Web TV တို့မှာ တိုက်ရိုက် နားဆင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နယ်သာလန် ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ပထမအကျော့ တင်ပြမှာဖြစ်ပြီး ၂၃ ရက်နေ့ နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ပထမအကျော့ တင်ပြပါမယ်။ ၂၅ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယအကျော့တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။

........................................................................

Your browser doesn’t support HTML5

ICJ မြန်မာအမှု ဖေဖော်ဝါရီလကုန်ကြားနာမည်



(Unicode)




