ကယားပြည်နယ် ခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အတွင်းမှာ အချိန်အတော်ကြာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် စခန်းတွေကို ကရင်နီ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ပြီးတဲ့နောက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပါတယ်။ ဒီကနေ့နဲ့ပါဆိုရင် ၃ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုဘက်က နောက်ဆုံးအခြေအနေကို မမြသဇင်အောင်က တင်ပြပေးပါမယ်။
ဒီးမော့ဆိုမြို့ ကနေ မိုးဗြဲ ဘက်သွားတဲ့ လမ်းမကြီးတလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီက အချိန်အတော်ကြာ တပ်စွဲ အထိုင်ချထားတဲ့ ယာယီစခန်းတွေကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ဒီလ ၂ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ၂ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဥ်သုံးစင်းနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်တာရှိသလို မနေ့က ၃ ရက်နေ့ မှာလည်း လေယာဉ် ၂ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတာနဲ့ပတ်သက်လို့ ဒီးမော့ဆို ဒေသခံတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။
“ဒီမနက်ကတော့ ခဏလေးပေါ့နော်။ မနေ့ကတော့ တနေ့ကုန်းနီးပါးပေါ့။ နှစ်ရက် ဆက်တိုက်တော့ ရှိပြီးဗျဟုတ်။ ဒီနေ့က ခဏလေးပဲ ရှိသေးတယ်ဗျဟုတ်။ ပစ်ခတ်တာ အဲ့လိုမျိုး အကြာကြီး ပစ်ခတ်တာမျိုး မရှိဘူးဗျဟုတ်။ မနေ့ညက လေကြောင်းသုံးပြီးတော့ တကြိမ် နှစ်ကြိမ်ပစ်တယ်ဗျ။ တစီး နှစ်စီးလာပြီးမှ ပစ်သွားတာရှိတယ်ဗျ။ ပထမရက်တော့ သုံးစီးနဲ့ လာပစ်သွားတယ်ဗျဟုတ်။ လက်နက်ကြီးကတော့ မနေ့ည ညသန်းခေါင်းယံအချိန်ထိ လက်နက်ကြီးတောက်လျှောက် ပစ်တာမျိုးရှိတယ်ဗျဟုတ်။”
လတ်တလော ဒီးမော့ဆိုတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကတော့ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာ နဲ့ ပူဖားကျေးရွာမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စက်တင်ဘာ ၂ ရက်နေ့က ဝင်ရောက်စီးနင်း ချေမှုန်းတိုက်ခိုက်ခဲ့တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်(DMO local PDF)၊ အလယ်ပိုင်းတိုင်း-ကရင်နီ(ကယား) စစ်ဒေသခွဲ တပ်ရင်းများ ပူးပေါင်းစစ်ကြောင်း နဲ့ KNDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအချိန် ၄ နာရီကျော် ပြင်းထန်ခဲ့တဲ့အကြောင်း ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိသလို တော်လှန်ရေး တပ်ပေါင်းစုဘက်ကလည်း ထိခိုက်ဒဏ်ရာရသူ ရှိကြောင်းနဲ့ လက်နက်ငယ်မျိုးစုံ ခဲယမ်း အမြောက်အများ ရရှိတယ်လို့လည်း ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့ အချက်အလက်နဲ့ ပတ်သက်လို့ VOA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီးမော့ဆို ဒေသခံကတော့ − စစ်ကောင်စီတပ်တွေဟာ သူတို့အရေးနိမ့်တဲ့အခါမျိုးမှာ တပ်ဆုတ်ခွာပြီး တကျော့ပြန် အင်အား ဖြည့်တင်းတာ၊ အဲ့ဒီနောက်မှာမှ အလုံးအရင်းနဲ့ တဖန် ထိုးစစ်ဆင် တပ်စွဲတာတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ တုန်းကလည်း ခုလို အလားတူ ယာယီတပ်စခန်း သိမ်းတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့တာကို ဒီးမော့ဆို ဒေသခံက ထောက်ပြ ပြောဆိုပါတယ်။
“သူတို့ ထိုင်နေတာက ၁ နှစ်၊ ၁ နှစ်ခွဲလောက်ရှိပြီဗျ။ (စစ်ကောင်စီကို) လုံးဝ တိုက်ထုတ် နိုင်တယ်လို့တော့ ပြောလို့တော့ မရဘူးဗျဟုတ်။ ခဏလေးပါ သူတို့ထွက်သွားတယ်။ အဲ့လိုမျိုးပေါ့နော်။ ဆုတ်ခွာသွားတယ်။ နှစ်ဘက်စလုံးက ပြန်ဆုတ်တဲ့ အနေအထားမှာဆိုတော့ သူတို့က ပြန်ပြီးတော့ လက်ဦးမှု ပြန်ယူတာမျိုးလည်း ရှိတယ်ဗျ။ အရင်ပြီးခဲ့တဲ့ ၁၁ လပိုင်း၊ ၁၂ လပိုင်းတုန်းကလည်း အဲ့လိုမျိုးပဲဗျ။ သူတို့ကို လုံးဝ တိုက်ထုတ်သွားနိုင်တယ်။ ဒါပေမဲ့လည်း သူတို့က အင်အားပြန်ဖြည့်ပြီးတော့ အင်အား အလုံးအရင်းနဲ့ ပြန်ဝင်လာတာမျိုး ရှိတယ်။ အဲ့လိုမျိုးဗျဟုတ်။”
ကရင်နီဒေသတခွင်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စစ်ရေးအရ အပြင်းအထန် တိုက်ခိုက်နေတာပါ။ နေရာ အတော်များများမှာ အချိန်ကြာ အထိုင်ချ တပ်စွဲပြီး လမ်းသွားလမ်းလာသူတွေကို တားဆီ စစ်ဆေးတာ၊ မမေးမြန်းဘဲ ပစ်ခတ်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေနဲ့ ဒေသတွင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
အသွားအလာတွေ ကန့်သတ်ပြီး တားဆီး ပိတ်ပင်တာတွေ လုပ်နေတာကြောင့် ဒေသတွင်း စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူရာမှာ အခက်အခဲတွေ ရှိနေပြီး နားမကျန်းဒုက္ခသည်တွေ အတွက် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း မိုးဗြဲဒေသက စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။
“အဆင်သိပ် မပြေပါဘူး။ ကျနော်တို့ မနေ့ည စစ်ရှောင်စခန်းတခုမှာ ဖျားနာတာတွေ များတာပေ့ါနော်။ အဲ့ဒါ မနေ့ည ကျနော်တို့ သွားတောင်မှ မြို့အထွက်ဘက်ဆိုလည်း စစ်ကောင်စီတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ သူတို့က တခါတလေ စစ်ဆေးတယ်။ တခါတလေ မစစ်ဆေးဘူးပေါ့။ ဆေးဝါးသယ်တာတွေ။ အဲ့လိုဆိုလဲ သယ်ရမယ်ဆို အန္တရာယ်ရှိတယ်ပေါ့နော်။ သူတို့တွေ့ရင်လည်း ညှိမယ် ညှိနိုင်တယ် အဲ့လိုပေါ့။ အခြေအနေကြည့်ပြီးမှ လမ်းသွားနေရတာပေါ့။”
နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ကရင်နီဒေသအတွင်းမှာ သိန်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေကြရတာပါ။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အပြင် ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ဒေသခံနဲ့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောဆိုကြပါတယ်။
Your browser doesn’t support HTML5