ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက မူဆလင် ၁၀ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ်ကျခံနေရသူတွေထဲက ရဲဝန်ထမ်းတဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း မြန်မာအစိုးရက ဒီနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒီမတိုင်ခင်မှာတုန်းကလည်း တပ်မတော်သား ၇ ဦးကို ကာကွယ်ရေးဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တနှစ်တောင် မပြည့်ခင်မှာ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ပြောပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်တုန်းက မူဆလင် ၁၀ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတဲ့ ရဲဝန်ထမ်း တဦးဟာလည်း တပ်မတော်သား ၇ ဦးလိုဘဲ ပြန်လည်လွတ်မြောက်လာကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက အတည်ပြုပြောဆိုလိုက်တာပါ။ အမှုမှာ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ အရပ်သား တယောက်ကတော့ အခုအထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်းလည်း အစိုးရရဲ့ တတိယ တနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။
"ရဲတပ်သား ဇွဲမောင်မောင်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ခ)အရ ထောင် ၃နှစ်ကျ ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဖြစ်စဉ်မှာ သူက ဒီတပ်ဖွဲ့တွေနဲ့ ပါသွားတာဖြစ်ပါတယ်။ သူ့မှာလူသတ်တာ မရှိဘူး။ သူလဲ အယူခံတင်ပါတယ်။ တင်တာမှာ ရဲစည်းကမ်းပြစ်ဒဏ်လျော့ပေါ့နဲ့ လျော့တာပါ။ သူက ပြစ်ဒဏ်ကျခံတာကလည်း ၁နှစ်ကျော်ပြီ။ မူလက သူက ၃နှစ်ကျတာပါ။ ရိုက်တာသတင်းထောက်တွေ လွှတ်ပြီး နောက်နေ့လွှတ်တာပါ။ မူလတန်းပြကျောင်းဆရာ ဦးထွန်းအေးကတော့ ထောင် ၅ နှစ်ကျတာ ခုချိန်ထိ ထောင်ဒဏ်ကျခံနေရဆဲပါ။"
အမှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံခဲ့ရတဲ့ တပ်မတော်သား ၇ ဦးကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။ လူအများအပြားကို သတ်ဖြတ်ခဲ့မှုအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ကျခံနေရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ် ပြည်တွင်း ပြည်ပက လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။
ရိုက်တာ သတင်းသမားတွေရဲ့ ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်ကတော့ အခုလို လွတ်မြောက်ခဲ့တဲ့ အပေါ် နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ တပ်မတော်သားတွေကိုတော့ အသနားခံစာ တင်သွင်းခဲ့ပြီးနောက်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထောင်ဒဏ် ၁ဝ နှစ်ကနေ ၁ နှစ်အထိ လျှော့ပေါ့ပေးလိုက်တဲ့အတွက် ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန် ပြန်ကြားအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောဆိုထားပါတယ်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
"သူတို့တပ်မတော်အက်ဥပဒေအရ အယူခံတင်ပါတယ်။ အသနားခံစာတင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီတင်ပါတယ်။ စစ်ဥပဒေချုပ်ရုံးတင်တယ်။ ဥပဒေချုပ်ရုံးရဲ့ ထောင်ဒဏ် ၁၀နှစ်ကနေ ၁နှစ်ကိုလျော့ပေးလိုက်တယ်လို့သိရပါတယ်။ ဆိုလိုတာကတော့ သမ္မတလွတ်ငြိမ်းခွင့်နဲ့မဟုတ်ပါဘူး။ တပ်မတော်အက်ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်တာပါ။"
ဒီအမှုကို စုံစမ်းရေး နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံခဲ့ရတဲ့ Reuters သတင်းထောက် ၂ ယောက် ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီလထဲမှာပဲ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားတာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာမရှိကြောင်းလည်း ငြင်းဆန်ထားပြီး၊ ကျူးလွန်သူတွေကို အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5