မြန်မာနိုင်ငံတွင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလက်က အင်ဒိုနီးရှား ၂၀ လွတ်မြောက်

လူကုန်ကူးခံရခြင်းမှ ပြန်လည်လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသားများ

မြန်မာနိုင်ငံမှာ လူကုန်ကူးခံလိုက်ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကို ကယ်တင်နိုင်လိုက်တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။ အဲဒီ လူတွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသတွေမှာ အင်တာနက်ကနေ ငွေကြေးလိမ်လည်တဲ့ Cyber ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ငန်းတွေမှာ ခိုင်းစေခံခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက ဒေသတွင်းကလူတွေရဲ့ အကူအညီနဲ့ အဲဒီ အင်ဒိုနီးရှားနိုင်ငံသားတွေကို မြဝတီမြို့ကနေ ကယ်တင်ပြီး စနေနေ့က ထိုင်းနယ်စပ်ကို ပို့နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထဲ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို ထိုင်းနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ပို့ဆောင်နိုင်ဖို့အတွက် ဘန်ကောက်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက ထိုင်းအာဏာပိုင် တွေနဲ့ အတူ အနီးကပ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

အဲဒီလူတွေကို ထိုင်းနိုင်ငံမှာ အလုပ်အကိုင် လစာကောင်းကောင်းရမယ်ဆိုပြီး၊ လိမ်ညာခေါ်ဆောင်ခဲ့ပြီး၊ ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ် မြဝတီမြို့မှာ လူကုန်းကူးခံရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ Judha Nugraha က ပြောပါတယ်။

အဲဒီလူကုန်ကူးခံရတဲ့သူတွေထဲက တယောက်က အင်ဒိုနီးရှားအစိုးရအနေနဲ့ သူတို့ကို စစ်ဖြစ်နေတဲ့ဇုန်အတွင်းကနေကယ်ဖို့ ပြောထားတဲ့ ဗီဒီယိုအွန်လိုင်းပေါ်မှာ ပျံ့သွားခဲ့ပြီးတဲ့နောက် အခုလို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ပြန်လွတ်လာအောင် ဘယ်လို လုပ်ခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့တော့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ Sandi Nugroho က ပြောပါတယ်။