အင်ဒိုဆူနာမီ ကြိုတင်သတိပေးစနစ် မသုံးနိုင်ခဲ့

အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ သောကြာနေ့က ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့အတွက် တနင်္ဂနွေနေ့ ညနေအထိဆိုရင် သေဆုံးသူအရေအတွက် ၈၃၂ ယောက်ရှိကြောင်း အတည်ပြုနိုင်ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ပြင်းအား ၇.၅ အားပြင်းငလျင်နဲ့ အတူ ပေ ၂၀ လောက်မြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဟာ Palu နဲ့ Donggala မြို့တွေကို ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဆူနာမိ ကြိုတင်သတိပေးစနစ် အတွက် အမေရိကန် National Science ဖေါင်ဒေးရှင်းနဲ့ လက်တွဲ လုပ်ဆောင်နေပေမယ့်ပြီးခဲ့တဲ့ ဒီသီတင်းပတ်ထဲမှာပဲ ဒီစနစ်အတွက် လုပ်ဆောင်နေမှုတွေကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး ဒါဟာ ဒီစီမံကိန်းအတွက် ရန်ပုံငွေ ပြဿနာကြောင့် ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

Sulawesi ကျွန်းက Palu မြို့ကလေးမှာ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပေမယ့် ဒေသတွင်း ဝေးလံခေါင်ဖျားနေရာတွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာကလည်း ဒီဒဏ်ကို ခံစားကြရတာမို့ အဲဒီနေရာတွေကို ကယ်ဆယ်ရေးသမားတွေ သွားနိုင်ချိန်မှာ သေဆုံးသူ အရေတွက် ပိုများလာနိုင်တယ်လို့လည်း ပြောပါတယ်။

အင်ဒိုနီးရှား သမ္မတ Joko Widodo က တနင်္ဂနွေနေ့မှာ Palu မြို့ကို သွားရောက်ခဲ့ပြီး လက်ရှိမှာ အလိုအပ်ဆုံး အရာက အပျက်အစီးပုံထဲက ကြီးမားတဲ့ အပိုင်းအစတွေကို ဖယ်ရှားဖို့ စက်ကရိယာတွေဖြစ်ကြောင်း ပြောပါတယ်။ အဲဒီမှာ လေဆိပ်ဟာ ကောင်းကောင်း မလည်ပတ် နိုင်တော့ သလို မီးအားပေးစက်ရုံ အများစုကလည်း အလုပ်မလုပ်တော့ပဲ လမ်းတွေလည်း အတော်ပျက်စီးနေတာ ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ အဆောက်အဦးတွေအပြင် လဲကျနေတဲ့ သစ်ပင်တွေ၊ ကားတွေကိုပါ အပျက်အစီးပုံတွေထဲမှာ တွေ့နေရပါတယ်။

အဲဒီဒေသမှာ မရပ်မနား အကူညီပေးနိုင် ဖို့အတွက် အင်ဒိုနီးရှားစစ်တပ်က တပ်သားတွေကို ချထားကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် အဲဒီက ပျက်စီးနေတဲ့ အရောင်းဆိုင်တွေမှာ အစားအစားတွေနဲ့ ပစ္စည်းတွေလုယူနေတဲ့ သူတွေကို တွေ့နေရပြီး လုံခြုံရေး တော့ ကောင်းကောင်မပေးနိုင် သေးပါဘူး။

Your browser doesn’t support HTML5

အင်ဒိုဆူနာမီ ကြိုတင်သတိပေးစနစ် မသုံးနိုင်ခဲ့