အင်ဒိုနီးရှားဆူနာမီ လူ ၂၀၀ ကျော် သေဆုံး

အင်ဒိုးနီးရှားဒေသစံချိန် စနေနေ့ နှောင်းပိုင်းအချိန်တုန်းက အင်ဒိုးနီးရှားနိုင်ငံရဲ့ Sunda ကမ်းမြှောင်ဒေသတလျောက်မှာ ရေလှိုင်းကြီးတွေ ရိုက်ခတ်သွားခဲ့လို့ သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် ၂၂၂ဦးအထိ လက်တလောက်ရရှိထားပြီးတော့ လူပေါင်း ၈၄၃ ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ ၂၈ ဦးက ပျောက်ဆုံးနေဆဲရှိတယ်လို့ အင်ဒိုးနီးရှားကပ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန ပြောခွင့်ရသူကဆိုပါတယ်။ အထိအခိုက်အသေအပျောက်စာရင်း လက်တလောအချိန်အထိ တွက်ချက်ကောက်ယူနေဆဲဖြစ်တာမို့လို့ စာရင်က ဒီထက်ပိုများ လာနိုင်ဖွယ်ရှိတယ်လို့ အင်ဒိုးနီးရှားကြက်ခြေနီအဖွဲ့က ပြောပါတယ်။

Sunda ကမ်းမြှောင်ဒေသမှာရှိတဲ့ ဆူမာထရာတောင်းပိုင်း Lampung ဒေသဂျဗားကျွန်းရဲ့ Serang ဒေသ Pandeglang ဒေသ အဲဒီဒေသကြီး ၃ ခုမှာ အခုလို ဆူနာမီရိက်ခတ်ပြီးတော့ ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာလို့ အင်ဒိုးနီးရှားနိုင်ငံ ကပ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန ပြောခွင့်ရသူက ပြောပါတယ်။ အိမ်ခြေပေါင်း ရာပေါင်းများစွာ ဟိုတယ် ၉ လုံး သဘောၤအစီး ၃၅၀ ကျော်နဲ့အတူ မော်တော်ယာဉ် တော်တော်များများလည်း ပျက်ဆီးကုန်တယ်လို့ ဆိုပါတယ်။ အင်ဒိုးနီးရှားဒေသ စံချိန် စနေနေ့ ညပိုင်း ၉ နာရီအချိန်တုန်းက Anak Krakatau မီးတောင်ပေါက်ကွဲပြီးတဲ့နောက် အချိန်တိုအတွင်း ၉ နာရီခွဲလောက်အချိန်မှာ ဆူနာမီလှိုင်းရိုက်ခတ်ခဲ့တာဖြစ်တယ်လို့ အင်ဒိုးနီးရှား မိုးလေဝသ ရာသီဥတုနဲ့ ဘူမိရူပဆိုင်ရာ ဌာနက ကြေညာ ပါတယ်။

Anak Krakatau မီးတောင်ပေါက်ကွဲပြီး ပင်လယ်ပြင်အောက်မှာ မြေပြိုမှုတွေ ဖြစ်ပြီးတော့ အဲဒီကတဆင့် ဆူနမီလှိုင်းဖြစ်သလို တချိန်တည်းမှာပဲ လပြည့်နေ့ဖြစ်တာမို့လို့ ဒီရေအတက်နဲ့ပါပေါင်းပြီး ပြင်းထန်တဲ့ဆူနာမီလှိုင်း ဖြစ်တာလို့ အင်ဒိုးနီးရှား ရာသီဥတုနဲ့ ဘူမိရူပဆိုင်ရာ လေ့လာရေးဌာနက ကြေညာပါတယ်။ ဒါပေမယ့်လည်း အင်ဒိုးနီးရှားဘူမိဘေဒဌာနကတော့ Krakatau မီးတောင်ပေါက်တာကြောင့် ဆူနာမီဖြစ်တာကို အတည်မပြုနိုင်ဘူးလို့ဆိုပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့ ဇွန်လက မီးတောင်ပေါက်နေတာဖြစ်ပြီး ဒီထက်ပြင်းထန်တဲ့အချိန်မှာတောင်မှ ဆူနာမီလှိုင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။

ဆူနမီလှိုင်းအမြင့်ဟာ ၃ ပေဝန်းကျင်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ Banten ခရိုင်ဟာ အဆိုးဆုံး ဒဏ်ခံရတာလို့ ကပ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက ပြောပါတယ်။ ဒီနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလိုခရိုင်မှာ ဆူနမီလှိုင်းဖြစ်ခဲ့ပြီးတော့ အဲဒီတုန်းကတော့ လူပေါင်း ၂၅၀၀ ကျော် သေဆုံးပြီးတော့ လူ ၇ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ တုန်းက အိန္ဒိယပင်လယ်ပြင် ငလျင်ကြောင့်မို့ ဆူနမီလှိုင်းဖြစ်ခဲ့ပြီးတော့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှားတနိုင်ငံထဲမှာတောင် အဲဒီတုန်းက လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားဆူနာမီ လူ ၂၀၀ ကျော် သေဆုံး