အင်ဒိုနီးရှားဆူလာဝေစီကျွန်းမှာ ၇.၅ ပြင်းအားရှိငလျင်လှုပ် တဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

အင်ဒိုနီးရှားဆူလာဝေစီကျွန်းမှာ ငလျင်ကြောင့် ပျက်စီးသွားသော အိမ်တလုံး

အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ ဒီကနေ့ အင်အားပြင်း ငလျင်တွေ လှုပ်ခတ်ခဲ့ရာက အနည်းဆုံး လူတဦး သေဆုံးပြီး၊ အိမ်တွေလည်း ပျက်စီးကုန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ ဒီကနေ့ အင်အားပြင်း ငလျင်တွေ လှုပ်ခတ်ခဲ့ရာက အနည်းဆုံး လူတဦး သေဆုံးပြီး၊ အိမ်တွေလည်း ပျက်စီးကုန်ပါတယ်။ ငလျင် ၂ ကြိမ် လှုပ်ခဲ့တဲ့အထဲမှာ အားအပြင်းဆုံးဖြစ်တဲ့ အင်အား ၇.၅ ရှိတဲ့ ငလျင်ကတော့ Sulawesi ကျွန်းပေါ်က Donggala မြို့ရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင်လောက်အကွာ မြေအောက် ၆ မိုင်လောက် အနက်ကို ဗဟိုပြုလှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးစခန်းက ပြောဆိုခဲ့တာပါ။

ငလျင်ကြောင့် အိမ်အများအပြား ပြိုကျခဲ့ကြောင်းလည်း ဒေသခံ ကပ်ဘေးအန္တရာယ် အကူအညီပေးရေးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ အစောပိုင်းမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ရွာ ၅ ရွာက အချက်အလက်တွေကို စုဆောင်းရာမှာ အခက်အခဲတွေ ကြုံနေချိန်မှာပဲ နောက်ထပ် ငလျင်ထပ်လှုပ်ခဲ့တာဖြစ်ပြီး၊ လူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်းလည်း ပြောဆိုခဲ့တာပါ။ ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့၊ ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်မှာပဲ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရတဲ့အတွက် အိမ်တချို့ရေနောက် မျောပါသွားခဲ့ကြောင်းလည်း အင်ဒိုနီးရှား ကပ်ဘေးဒဏ်လျော့ပါးရေး အေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugroho ကပြောပါတယ်။ ကနဦးအစီရင်ခံစာတွေအရဒီနေ့ အစောပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်ကြောင့် လူတဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရပြီး ဒါဇင်နဲ့ချီတဲ့ အိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက မီးတောင်တွေနဲ့ ငလျင်ကြောတွေရှိရာဒေသမှာ တည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏ ငလျင်ဒဏ်ခံရလေ့ ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာတုန်းက အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမားထြားကျွန်း ကမ်းလွန်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၉.၁ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းနိုင်ငံပေါင်း တဒါဇင်လောက်မှာ လူပေါင်း ၂၃၀,၀၀၀ လောက် သေဆုံးခဲ့ရဖူးပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားဆူလာဝေစီကျွန်းမှာ ၇.၅ ပြင်းအားရှိငလျင်လှုပ် တဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ