မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။ အာဆီယံအတွက် စိန်ခေါ်မှုတွေထဲမှာ မကြာခဏဆိုသလို မီးမောင်းထိုးပြခံရတဲ့ ကိစ္စကတော့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းပါပဲ လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီနေ့ အနောက်ဆူမားတြားက ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်သက်တမ်း မကုန်ခင် မြန်မာ့အရေးအတွက် အဖြေရှာနိုင်မယ့် နည်းလမ်းတွေ ချမှတ်နိုင်အောင် ကြိုးပမ်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အဖွဲ့က မကြာသေးခင်ကပဲ တိုက်တွန်းခဲ့ပြီးနောက်အခုလို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေး ဖြေရှင်းရာမှာ သက်ဆိုင်သူတွေ အားလုံး၊ အထူးသဖြင့် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ဆက်ဆံခဲ့ပြီး သံတမန်ရေးအရ ချဉ်းကပ်တဲ့ နည်းလမ်းကို သုံးခဲ့တယ်လို့လည်း ပြောဆိုထားပါသေးတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် Teuku Faizasyah ကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီ အနေနဲ့ လေးစားလိုက်နာမှု ရှိစေရေး တစိုက်မတ်မတ် တွန်းအားပေးဆောင်ရွက်ခဲ့သလို၊ စစ်ကောင်စီကို အတိုက်အခံ လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်လျှက်ရှိတယ်လို့ ပြောပါတယ်။ ပဋိပက္ခတွေ ကင်းစင်တဲ့ နိုင်ငံတခုဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို ဆွေးနွေးရာမှာ အချိန်ယူဖို့ လိုအပ်သလို ချက်ချင်းပြီးမြောက်ဖို့မလွယ်ကူနိုင်ဘူးလို့လည်း သူကပြောပါတယ်။
Your browser doesn’t support HTML5