အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့မှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံး၊ ၄၁ ဦး ဒဏ်ရာရခဲ့တဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ခရစ်ယာန် ဘုရားကျောင်း သုံးခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို ဆယ်ကျော်သက်တွေ၊ ကလေးငယ်တွေ ပါတဲ့ မိသားစု တခုက လုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံရဲ့ဒုတိယ အကြီးဆုံး မြို့က တိုက်ခိုက်မှုက သူတို့လက်ချက် ဖြစ်တယ်လို့ IS စစ်သွေးကြွ အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေထဲမှာ မိခင်၊ ဖခင်၊ အသက် ၉ နှစ်နဲ့ ၁၂ နှစ် အရွယ် သမီးနှစ်ဦး၊ ဆယ်ကျော်သက် အရွယ် သားနှစ်ဦးတို့ ပါဝင်တယ်လို့ ရဲချုပ် Tito Karnavian က ပြောပါတယ်။
IS စစ်သွေးကြွ အဖွဲ့ကို အားကျ အတုယူတဲ့ Jemaah Ansharut Daulah အဖွဲ့နဲ့ ဆက်စပ်မှု ရှိသူတွေ ဖြစ်တယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ Surabaya မြို့က ခရစ်ယာန် ဘုရားကျောင်း အားလုံး ယာယီပိတ်ထားဖို့လည်း ရဲက အမိန့်ထုတ်ထားပါတယ်။ မြို့က အစားအသောက် ပွဲတော်ကြီးကိုလည်း ဖျက်သိမ်းထားပါတယ်။
မြို့တော် ဂျာကာတာက ခရစ်ယာန် ဘုရားကျောင်းတွေလည်း မနက်ပိုင်း ဝတ်ပြု ဆုတောင်းမှု အစီအစဉ်တွေ ဖျက်ခဲ့ပါတယ်။ Surabaya မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု သုံးခု ဖြစ်ပြီးနောက်မှာ မြို့တော် ဂျာကာတာမှာလည်း အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ အရေးကြီး နေရာတွေနဲ့ ဗျူဟာကျတဲ့ ဒေသတွေကို အဓိကထားပြီး မြို့တော် တဝန်းမှာ ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်ထားပါတယ်။ မြို့တော် ဂျာကာတာမှာ အကြမ်းဖက် ဝါဒစွဲ ခြိမ်းခြောက်မှု ရှိသလား၊ ရဲက ဘာကြောင့် လုံခြုံရေး အဆင့်မြှင့်ထားသလဲ ဆိုတဲ့ အသေးစိတ် အခြေအနေတော့ မသိရပါဘူး။
Your browser doesn’t support HTML5