စစ်အာဏာသိမ်းတာ တနှစ်နီးပါးရှိလာပြီဖြစ်ပေမဲ့ မြန်မာ့အရေး ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးတဲ့အတွက် အာဆီယံအသင်းဝင် နိုင်ငံတွေနဲ့ မြန်မာ့အရေး အကဲခတ်တွေ သတိပေးနေကြပါတယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ပြီးခဲ့တဲ့နှစ်ထဲ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်လို့လည်း အာဆီယံနိုင်ငံက ခေါင်းဆောင်တချို့က ပြောဆိုနေကြတာပါ။
မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
အင်ဒိုနီးရှားနိုင်ငံ Bintan ကျွန်းမှာ အင်္ဂါနေ့က ကျင်းပတဲ့ စင်္ကာပူနဲ့ အင်ဒိုနီးရှားခေါင်းဆောင်များညီလာခံမှာတော့- စစ်အာဏာသိမ်းထားတဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသလို၊ နှစ်နိုင်ငံခေါင်းဆောင်တွေဘက်က တူညီတဲ့ သဘောထားရှိနေဆဲဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကပြောသွားပါတယ်။
"အာဆီယံရဲ့ ညီညွတ်မှု၊ အခန်းကဏ္ဍ၊ အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ခိုင်မာအားကောင်းစေရေး အရေးကြီးတယ်ဆိုတဲ့ အချက်အပေါ်မှာ အင်ဒိုနီးရှားနဲ့ စင်္ကာပူနှစ်နိုင်ငံလုံး တူညီတဲ့ သဘောထားအမြင်တွေရှိပါတယ်။ ဒါမှလည်း အနာဂတ် မှာရင်ဆိုင်ရမယ့် အမျိုးမျိုးသော စိန်ခေါ်မှုတွေအတွက် အာဆီယံက အဆင့်သင့်ရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ လတ်တလော နိုင်ငံတွင်းဖြစ်နေတဲ့ အခြေအနေတွေအပေါ် ကျနော်တို့ အရမ်းစိုးရိမ်နေကြပါတယ်။ ဒါအပြင် အာဆီယံ အဆင့်မြင့်အစည်းအဝေးက ဆုံးဖြတ်ခဲ့တဲ့ အချက်ငါးချက်ကို အကောင်အထည်ဖေါ်ဖို့ အရေးကြီးပြီး ဒီအချက်တွေကို အားလုံးက မဖြစ်မနေ လေးစားလိုက်နာရမှာဖြစ်ပါတယ်။"
စစ်အာဏာသိမ်းထားတဲ့ မြန်မာနဲ့ ပတ်သက်လို့ အာဆီယံရဲ့ရပ်တည်ချက် ညီညွတ်ဖို့ဆိုတဲ့သဘောမျိုး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလာချိန်မှာ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်နဲ့ အနီးကပ်ဆက်ဆံရေးလိုလားတဲ့သဘောထားကို ထင်ထင်ရှားရှားပြသလာနေချိန်လည်းဖြစ်ပါတယ်။
ဒေသတွင်း ကျွမ်းကျင်သူတွေ စုပေါင်းရေးသားထားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၁ နှစ်လောက် ရှိလာတဲ့အချိန်အထိ အာဆီယံက ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကွဲပြားတဲ့ သဘောထားတွေရှိနေတယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့ကြပါတယ်။ အထူးသဖြင့် ပထမအကြိမ် မြန်မာ့အရေး အာဆီယံအထူးသံတမန်ခန့်အပ်တဲ့ကိစ္စနဲ့ သူ့ရဲ့ မြန်မာခရီးစဉ်အရေး သတ်မှတ်ချက်တွေအတွက် အာဆီယံအတွင်း သဘောထားမတူညီတဲ့အပြင် စစ်ကောင်စီဘက်က ကန့်ကွက် တုန့်ပြန်ခဲ့တဲ့ရလာဒ်၊ နောက် ဟ ဇန်နဝါရီလ အစောပိုင်းက ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ် စတာတွေဟာ အဖွဲ့ဝင်နိုင်ငံတွေကြား မြန်မာနဲ့ပတ်သက်လို့ စိတ်ဝမ်းကွဲပြားမှု ဘယ်လောက် ပြင်းထန်သလဲဆိုတာပြသခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးကို စတင်ထူထောင်ခဲ့တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကတော့ လက်ရှိအချိန်မှာ မြန်မာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ရပ်တည်ချက်သဘောထား တူညီနေတာတွေ့ရပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံဘုံသဘောတူညီချက် ငါးချက်ထဲက ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုးတက်အောင်လုပ်နိုင်တယ်ဆိုရင် ခြွင်းချက်နဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မနေ့က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတရက်ထဲမှာပဲ အင်ဒိုနီးရှားသမ္မတနဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက- မနှစ်က ဆုံးဖြတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်အတိုင်း အားလုံးပါဝင်ပတ်သက်ရေး အာဆီယံဥက္ကဌနဲ့ အထူးသံတမန်တို့မှာ တာဝန်ရှိကြောင်း သတိပေးပြောဆိုသွားပါတယ်။
"ဒေသတွင်း လက်ရှိဖြစ်နေတဲ့ ကိစ္စတွေ အထူးသဖြင့် အခြေအနေဆိုးရွားနေသေးတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ဂျကာတာမှာ ဆွေးနွေး ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို သိသိသာသာ အကောင်အထည်ဖေါ်ဆောင်ရွက်ရမယ့်အပိုင်းမှာ တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တာရှည်ခံပြီး ငြိမ်းချမ်းတဲ့ အဖြေရရှိရေး အကူအညီပေးဖို့ ကျနော်တို့ ကတိပြုထားတာပါ။ ဒါပေမယ့် သက်ဆိုင်သူအားလုံးပါဝင်ဖို့အရေး ညှိုနှိုင်းပေးဖို့ အာဆီယံဥက္ကဌနဲ့သူ့ရဲ့ အထူးသံတမန်မှာ တာဝန်ရှိပါတယ်။ ဒါအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်တဲ့ကိစ္စမှာလည်း တိုးတက်မှုရှိတာကို မြင်တွေ့လိုပါတယ်။"
ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာတော့- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အွန်လိုင်း ဗွီဒီယို က တဆင့် စကားပြောမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးဟွန်ဆန်က သူရဲ့ ဖေ့စ်ဘုတ်ခ် မှာပြောထားပါတယ်။ ဒါအပြင် သူနဲ့ မလေးရှား ဝန်ကြီးချုပ် တို့ မြန်မာ့အရေး ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဖေါ်ပြထားရာမှာ- သူရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို စေလွှတ်တဲ့အခါ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို အတိအကျပြောဆိုထားကြောင်းလည်း သူက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြေရှင်းရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့တာ ၉ လ ကြာမြင့်လာပေမယ့် ဒီအချက်တွေ အကောင်အထည်ပေါ်လာဖို့ အာဆီယံဘက်က မဆောင်ရွက်နိုင်တာဟာ မြန်မာ့အကျပ်အတည်းကို ပိုမိုနက်ရှိုင်းလာစေနိုင်သလို၊ အာဆီယံရဲ့ သိက္ခာနဲ့စွမ်းဆောင်ရည်အပေါ်မှာလည်း ထိခိုက်နိုင်တယ်လို့ အကဲခတ်တွေကတော့ သုံးသပ်ထားကြပါတယ်။
---------------------------