အမေရိကန်နိုင်ငံက အိန္ဒိယကို တင်သွင်းတဲ့ သွင်းကုန်တွေအပေါ် အိန္ဒိယဘက်က အခွန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ဒီလို အခွန်စည်းကြပ်လိုက်တာ က ဒီကနေ့ တနင်္ဂနွေနေ့က စအသက်ဝင်မှာ ဖြစ်ပြီး Almond စေ့ နဲ့ ပန်းသီးတွေအပါအဝင် အမေရိကန်ကုန်ပစ္စည်း ၂၈ မျိုးကို အိန္ဒိယအစိုးရက ကုန်သွယ်ခွန်တွေ တိုးကောက်သွားမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက အမေရိကန်ရဲ့ Almond စေ့တွေကို အများဆုံးတင်သွင်းနေပြီး အမေရိကန်နိုင်ငံထွက် ပန်းသီးတွေကို ဒုတိယ အများဆုံးတင်သွင်းနေတာပါ။ အိန္ဒိယက တင်ပို့တဲ့ ပစ္စည်းတွေထဲ ကားပစ္စည်း၊ ဓာတုပစ္စည်း၊ အဖိုးတန် လက်ဝတ်ရတနာတွေနဲ့ ကုန်ကြမ်းတွေပါဝင်ပါတယ်။ အိန္ဒိယက အမေရိကန်ကုန်ပစ္စည်းတချို့အပေါ်မှာ သွင်းကုန်ခွန်တွေ တိုးမြှင့်ကောက်ခံသွားမယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ပြောထား ခဲ့တာပါ။
အိန္ဒိယရဲ့ သံမဏိ နဲ့ အလူမီနီယံသွင်းကုန်တွေအပေါ်မှာ အခွန်တွေတိုးမြှင့်ကောက်ခံဖို့ကိစ္စကို အမေရိကန် ကင်းလွတ်ခွင့်မပေးတဲ့အတွက် နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေ စခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ၂ ခုဖြစ်တဲ့ အမေရိကန် နဲ့ အိန္ဒိယကြားမှာ ကုန်သွယ်ရေးဆွေးနွေးမှုတွေလုပ်ပြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ခဲ့တာကြောင့် အိန္ဒိယဘက်က ကုန်သွယ်ခွန်တွေ တိုးကောက်ဖို့ ကိစ္စကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က အိန္ဒိယနိုင်ငံအပေါ် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ပြန်ရုပ်သိမ်းဖို့ အခုလ အစောပိုင်းမှာ ဆုံးဖြတ်ခဲ့တာကြောင့်၊ အိန္ဒိယဘက်ကလည်း အခုလို ပြန်ပြီး တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5