ပြီးခဲ့တဲ့ ၂ ပတ်လောက်တုန်းက အိန္ဒိယနိုင်ငံ Kashmir ဒေသတွင်း စစ်သား အယောက် ၄၀ သေစေခဲ့တဲ့ အသေခံကားဗုံးဖောက်ခွဲမှုမှာ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့တဲ့ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ Jaish-e-Mohammad ရဲ့ ပါကစ္စတန်နိုင်ငံတွင်းက စခန်းကို ဒီကနေ့ အာရုဏ်မတက်ခင်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့ကြောင်း အိန္ဒိယက ပြောဆိုလိုက်ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွတွေအများအပြားသေဆုံးမယ်လို့ အိန္ဒိယက ပြောဆိုထားပြီး ဒီတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား စစ်ရေးဆက်ဆံရေး ပိုတင်းမာလာပါလိမ့်မယ်။ အိန္ဒိယနိုင်ငံတွင်းမှာ စီစဉ်ထားတယ် Jaish-e-Mohammad အဖွဲ့က နောက်တခါ အသေခံဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်ထား တယ်ဆိုတဲ့ သတင်း ထောက်လှမ်းရထားတဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ Balakot မြို့မှာ ရှိတဲ့ Jaish-e-Mohammad အဖွဲ့ရဲ့ ပါကစ္စတန်နိုင်ငံတွင်းက အကြီးဆုံး လေ့ကျင့်ရေးစခန်းကို အိန္ဒိယက တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အသေခံတိုက်ခိုက်ဖို့ လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်သမားတွေ၊ လေ့ကျင့်ပေးသူတွေ၊ အကြီးတန်းအရာရှိတွေနဲ့ ဂျီဟတ်အဖွဲ့ဝင်တွေ အများအပြားကို ဒီတိုက်ခိုက်မှုအတွင်း နှိမ်နင်းနိုင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။ အရပ်သားတွေ သေဆုံးမယ့်အရေးကို ရှောင်ဖို့ အိန္ဒိယက ကြိုးစားထားတဲ့အကြောင်း Gokhale က ပြောပါတယ်။ ဒီစခန်းက တောထူပြီး လူသူဝေးလံတဲ့ တောင်ထိပ်မှာ ရှိတဲ့အကြောင်း သူက ပြောပါတယ်။