ကက်ရှ်မီးယား ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံတဝှမ်း ရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အစုလိုက်အပြုံလိုက် ပြန်ပို့ဖို့ အိန္ဒိယအစိုးရက စီစဉ်ဆောင်ရွက်နေပြီး မြန်မာအစိုးရနဲ့လည်း ဆွေးနွေးဖို့ရှိကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh ကပြောကြားလိုက်ပါတယ်။ ရိုက်တာ သတင်းအခြေခံပြီး မအင်ကြင်းနိုင်က တင်ပြမှာပါ။
အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်က ကက်ရှ်မီးယားဒေသကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်ပြုလုပ်တဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး ဗဟိုအစိုးရရဲ့ အစီအစဉ်ကို ပြည်နယ်အစိုးရတွေဆီကို အသိပေးအကြောင်းကြားထားတယ်လို့ ပြည်ထဲရေးဝန်ကြီး Rajnath Singh ကပြောသွားတာပါ။
"ပြည်နယ်အစိုးရအားလုံးကို ကျနော်တို့ ဝန်ကြီးဌာနကနေ အကြောင်းကြားစာပို့ထားပြီးပါပြီ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပြည်နယ်တွေမှာ ရိုဟင်ဂျာတွေ (ရခိုင်ပြည်နယ်က မွတ်စလင်တွေ) ရှိနေတယ်ဆိုရင် သူတို့ကို ဖေါ်ထုတ်ပြီး သူတို့ရဲ့ ဇီဝအချက်အလက်တွေယူဖို့နဲ့ စစ်တမ်းကောက်ယူပြုစုဖို့ အကြောင်းကြားထားပါတယ်။ ကိုယ့်ရဲ့ပြည်နယ်တွေမှာရှိနေတဲ့ ရိုဟင်ဂျာအရေအတွက် အချက်အလက်တွေကို ဗဟိုအစိုးရကို ပေးပို့ရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်နယ်အစိုးရတွေအနေနဲ့ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့၊ ရိုဟင်ဂျာတွေကို ဘယ်လိုပဲဖြစ်ဖြစ် သက်သေခံအထောက်အထားတွေ ထုတ်မပေးဖို့ အဲဒီအထောက်အထားတွေကတဆင့် အနာဂတ်မှာ သူတို့တွေဟာ အိန္ဒိယ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုလာနိုင်တဲ့အတွက်ကြောင့် သတိထားဖို့ ပြောထားပါတယ်။"
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက အသိအမှတ်မပြုပဲ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့ ခေါ်ဝေါ်ထားပါတယ်။ အနောက်ဘင်္ဂလားနဲ့ အာသံ ပြည်နယ်တွေရဲ့ အရှေ့ဘက်မှာအခြေစိုက်တဲ့ မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ အိန္ဒိယဘက် ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေအတွက် သက်သေခံကဒ်ပြားအတုတွေကို စီစဉ်လုပ်ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယဗဟို ထောက်လှမ်းရေး အေဂျင်စီက အစီရင်ခံထုတ်ပြန်ခဲ့ပြီးနောက် အခုလို ပြည်ထဲရေးဝန်ကြီးက သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီအစီရင်ခံစာအရ အနောက်ဘင်္ဂလားမှာရှိတဲ့ အစိုးရမဟုတ်တဲ့ မွတ်စလင်အဖွဲ့အစည်းတချို့ကနေ သက်သေခံအထောက်အထား စာရွက်စာတမ်း အတုတွေပြုလုပ်တဲ့လုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ စခန်းထဲမှာ နေထိုင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယဗဟိုအစိုးရတော့ ရိုဟင်ဂျာဒုက္ခသည်စာရင်းအတိအကျရတာနဲ့ မြန်မာနိုင်ငံကိုပြန်ပို့ဖို့ အစိုးရချင်း စကားပြောမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
"ရိုဟင်ဂျာ အရေအတွက်နဲ့ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကို ပြည်နယ်အစိုးရတွေဆီက ရရှိပြီးတဲ့နောက် နိုင်ငံခြားရေးဌာနကို လွဲှပြောင်းပေးအပ်မှာပါ။ အဲဒီနောက် ရိုဟင်ဂျာတွေ ပြန်ပို့မယ့် လုပ်ငန်းစဉ်ကို စတင်ဖို့ မြန်မာအစိုးရနဲ့ စပြီး စကားပြောမှာဖြစ်ပါတယ်။"
အိန္ဒိယနိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာမွတ်စလင် ၄၀,၀၀၀ ရှိနေပါတယ်။
Your browser doesn’t support HTML5