မြန်မာ့အရေး အိန္ဒ္ဒိယ ဖိအားပေးမှု မျှော်လင့်ဖွယ်မရှိ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ဟာ ဒီနေ့ တနင်္လာနေ့မှာ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီမှာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပါတယ်။ မနက်ဖြန်ကျရင်တော့ နယူးဒေလီမြို့မှာ အိန္ဒိယက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက်တော့ အိန္ဒိယဘက်က တွန်းအားပေးမယ့်အရေး မျှော်လင့်စရာ သိပ်မရှိဘူးလို့ မြန်မာ့အရေး ဆောင်ရွက်နေကြသူတွေက ပြောပါတယ်။ ၅ ရက်ကြာ ခရီးစဉ် အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်ရွှေနဲ့ အဖွဲ့ဟာ အိန္ဒိယဘက်က စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ကိစ္စတွေတင်မက နည်းပညာနဲ့ မော်တော်ကား ထုတ်လုပ်မှုတွေပါ တိုးမြှင့်ပြီး လုပ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း ဘန်ကောက်မြို့ကနေ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်အောင်လွင်က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အိန္ဒိယ အစိုးရက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက် ဖိဖိစီးစီး တိုက်တွန်းဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အင်အားစုတွေက တွန်းအားပေးနေကြပေမဲ့လည်း အိန္ဒိယ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ စောင့်ကြည့် လေ့လာသူတွေကတော့ အိန္ဒိယ အစိုးရဟာ ဒါမျိုးတွေကို လုပ်လိမ့်မယ်လို့ သိပ်ပြီးတော့ မျှော်လင့်မထားပါဘူး။

“ကျနော်တို့ မျှော်လင့်ဖို့ကတော့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောက်လျှောက် အိန္ဒိယဟာ နအဖမကြိုက်တဲ့ စကားကို မပြောခဲ့တာ ၁၅ နှစ်လောက် ရှိပြီကိုး။ သို့သော်လည်း ပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ အာဆီယံကတောင်မှ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထင်ထင်ရှားရှားလေး ပြောလာတော့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီတိုင်းပြည်က ဒီ့ထက်တောင်မှ ပြောသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာ မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကို ဒီလိုပြောဖို့ လိုတယ်လို့ ကျနော်တို့ ဒီနေ့ မေတ္တာရပ်ခံ တင်ပြခဲ့ပါတယ်။”

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေ ပြောသွားတာ ဖြစ်ပါတယ်။ သူက အိန္ဒိယမှာ အခြေစိုက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့ ဆိုပေမဲ့လည်း မြန်မာပြည်နဲ့ ပတ်သက်ရင်တော့ ကိုယ့်တိုင်းပြည် အကျိုးစီးပွားကိုပဲ အဓိကထားတယ်လို့ အိန္ဒိယ အခြေစိုက် မဇ္ဈိမသတင်းရဲ့ အယ်ဒီတာ ကိုစိုးမြင့်က သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ မလုပ်ခင်မှာ လာတာ အဲဒါကတော့ ထူးခြားတဲ့ အချက်ပေါ့။ အဲဒီနောက်ကွယ်မှာ နိုင်ငံရေး ဖိတ်ခေါ်မှုတွေ၊ နိုင်ငံရေး တွက်ဆချက်တွေရှိမှာ အမှန်ပါပဲ။ လောလောဆယ် စစ်အစိုးရ ရှိနေတဲ့ ကာလအတွင်းမှာ အိန္ဒိယဘက်က ဘယ်လောက်အထိ ရနိုင်မလဲလို့ ကြည့်တာမျိုးတွေ ကျနော်တော့ မြင်တယ်။ ဥပမာအားဖြင့် စွမ်းအင်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်မျိုးတွေ လိုချင်တယ်၊ အိန္ဒိယဘက်က သူ ရသလောက် လိုချင်တာပေါ့။

“ဒါကြောင့်မို့လည်း အစည်းအဝေးလုပ်ဖို့ တကယ့်တကယ် energy နဲ့ ပတ်သက်ပြီးတော့ အစိုးရ Cabinet Level အစည်းအဝေး လုပ်ဖို့ဟာကိုတောင် တရက်ရွှေ့လိုက်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာလို့ မအားလို့ဆိုပြီး တရက်ရွှေ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာပြီးတော့မှပဲ အစည်းအဝေးကို ဆက်လုပ်မယ်။ ဆိုလိုချင်တာက ဒီအပေါ်မှာ ဘာတွေရနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်တွေတော့ အိန္ဒိယဘက်မှာ ရှိပုံရပါတယ်။ အိန္ဒိယက သူ့ရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ အဓိကထားပြီးတော့ လုပ်ဆောင်တဲ့ မူဝါဒ ဖြစ်တာကိုး။”

မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ရနိုင်ဖို့ အိန္ဒိယကရော တရုတ်ကပါ ကြိုးစားကြတဲ့အခါ တရုတ်က အသာရနေလို့ အိန္ဒိယက နည်းပညာနဲ့ မော်တော်ကား ထုတ်လုပ်မှုကို မြန်မာပြည်နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခုတခေါက် အိန္ဒိယ ခရီးစဉ်ကို ထောက်ပြီး ဒေါက်တာတင့်ဆွေက ရှင်းပြပါတယ်။

“စွမ်းအင်ကို မျှော်လင့်ချက် သိပ်မရတဲ့အတွက် အိန္ဒိယက စက်မှုလက်မှု အပိုင်းနဲ့ နည်းပညာ အပိုင်းပေါ့၊ Information Technology အပိုင်းကို သူက ဦးလှည့်နေတဲ့ သဘောပါ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေက ဟိုက်ဒရာဘတ်နဲ့ တာတာစီးတီး နှစ်နေရာကို သွားမှာ ဖြစ်ပါတယ်။ ဟိုက်ဒရာဘတ်ဟာ Information Technology မှာ အိန္ဒိယရဲ့ အချက်အချာမြို့ ဖြစ်ပါတယ်။ ဂျန်းရှပူးဆိုတာကတော့ တာတာစီးတီးလို့တောင် ခေါ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး စက်မှုလက်မှု ကော်ပိုရေးရှင်းဖြစ်တဲ့ တာတာရဲ့ မြို့တော်လို့ ခေါ်ရမှာပေါ့။”

အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေးဟာ ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ အင်အားချိန်ခွင်လျှာ ညှိပြီး ဆက်ဆံနေတာပါ။ ဒီနေရာမှာ တရုတ်ထက်စာရင် အိန္ဒိယက မြန်မာစစ်တပ်အပေါ်မှာ ပိုပြီး သြဇာသက်ရောက်မှု ရှိတယ်လို့ မဇ္ဈိမသတင်း အယ်ဒီတာ ကိုစိုးမြင့်က ယူဆပါတယ်။ မြန်မာစစ်တပ်ရဲ့ အိန္ဒိယစစ်တပ်တို့ ပူးတွဲလုပ်ဆောင်တဲ့ စစ်ရေးသင်တန်းတွေ၊ အိန္ဒိယရဲ့ စစ်သုံးပစ္စည်း တင်သွင်းမှုတွေက မြန်မာစစ်တပ်မှာ တော်တော်များများ ရှိနေတာပါ။

“အိန္ဒိယက မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ တရုတ်က မြန်မာပြည်ပေါ်မှာ ထားတဲ့ ပေါ်လစီမျိုး Burma Policy ဆိုတာမျိုး အတိအကျ မရှိတာတော့ အမှန်ပဲ။ ဒါ အိန္ဒိယမှာလည်း တော်တော်များများ ဝေဖန် ထောက်ပြကြတယ်။ အိန္ဒိယက ပါကစ္စတန်နဲ့ဆိုရင် တိတိကျကျ မူဝါဒရှိတယ်၊ တရုတ်နဲ့ဆိုရင် တိတိကျကျ မူဝါဒ ရှိတယ်။ မြန်မာပြည်နဲ့ကျရင် တိတိကျကျ မူဝါဒ မရှိဘူး။ ဒါပေမဲ့ အဲဒီ မရှိတဲ့အထဲမှာမှ နိုင်ငံရဲ့ အကျိုးစီးပွားတွေ လုပ်တဲ့အခါ ဘယ်ဟာက အရေးပါလာလဲဆိုတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ စစ်တပ်က တကယ့်တကယ် အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေး လုပ်တဲ့အချိန်မှာ ဆက်ဆံရေးကို စတင် အကောင်အထည်ဖော်တာ ၁၉၉၁-၉၂ လောက်ကတည်းက စစ်တပ်ကနေ စတင်ပြီး လုပ်ဆောင်တာ။

“နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တကယ်လိုအပ်ချက်လည်း ရှိတယ်လေ၊ အဓိကတော့ အိန္ဒိယသူပုန်တွေ မြန်မာပြည်မှာ ရှိနေတဲ့ ကိစ္စမျိုးတွေ။ ပြီးတော့ တရုတ်နိုင်ငံရဲ့ စစ်ရေး ချဲ့ထွင်မှုတွေ၊ ရေတပ်အင်အား ချဲ့ထွင်မှုတွေက အိန္ဒိယအပေါ် ခြိမ်းခြောက်လာတဲ့သဘော မြင်တာမျိုးတွေ ရှိလာတော့ နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်မှုက အရမ်းကို အရေးပါလာတဲ့ အခန်းကဏ္ဍမှာရှိတယ်။ အရမ်းကို ပိုမို နီးကပ်လာတယ်။”

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ အခြေစိုက် HUMAN RIGHTS WATCH လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကြီးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယမှာ ရောက်နေတုန်း မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အာရုံစိုက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုသင့်တယ်လို့ ဒီကနေ့ပဲ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန် အစိုးရကလည်း အိန္ဒိယအနေနဲ့ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ မျှော်လင့်ထားပါတယ်။

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ၊ အိန္ဒိယ ဝန်ကြီးချုပ်ကိုလည်း မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး သိသာတဲ့ ဖိအားပေး ပြောဆိုမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။