Jammu Kashmir ပြည်နယ်ကို အိန္ဒိယဗဟိုအစိုးရ တိုက်ရိုက်အုပ်ချုပ်မည်

အငြင်းပွါးနယ်မြေ ဖြစ်တဲ့ Jammu - Kashmir ပြည်နယ်ကို အိန္ဒိယအစိုးရက ပြည်ထောင်စုနယ်မြေ ၂ ခု အဖြစ် ကြာသပတေးနေ့မှာ တရားဝင် ခွဲခြား သတ်မှတ်လိုက်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ဒါဟာ ၃ လနီးပါးလောက် လုံခြုံရေးအရ တင်းတင်းကြပ်ကြပ် ချေမှုန်းခဲ့တဲ့ မတည်ငြိမ်တဲ့ ဒေသကို ပိုတင်းကြပ်စွာ ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်မယ့် နယ်မြေ ၂ ခုကတော့ Jammu – Kashmir နယ်မြေနဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ Ladakh နယ်မြေ တို့ ဖြစ်ပါတယ်။

အဲဒီဒေသမှာ အစိုးရရဲ့ ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် လူထုဆန္ဒပြမှုတွေ ကြိုကြား ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေး ဝါဒီတွေက Kashmir ဒေသအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားတာကို သြဂုတ်လ ထဲမှာ ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်သလို အခု အိန္ဒိယ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ နယ်မြေ ၂ ခု အဖြစ် ခွဲလိုက်တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ မူစလင်အများစုနေထိုင်ရာ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ ထပ်မဖြစ်ပွါးအောင် ကာကွယ်တဲ့ အနေနဲ့ တပ်သား ထောင်နဲ့ ချီပြီးချထားခဲ့ပါတယ်။ အဲဒီဒေသမှာ ခွဲထွက်ရေးသမားတွေက အိန္ဒိယအစိုးရ အုပ်ချုပ်မှုကို ဆယ်စုနှစ်နဲ့ ချီပြီး ဆန့်ကျင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

အစိုးရက အဲဒီဒေသအတွက် ခရီးသွားလာမှုတွေ ပြင်းပြင်းထန်ထန် ကန့်သတ်ထားသလို တယ်လီဖုံးနဲ့ အင်တာနက် လိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ ကျောင်းတွေ၊ ကောလိပ်တွေမှာ ကျောင်းသားတွေ ကျောင်းလာမတက်ကြသလို ဈေးဆိုင်တွေ၊ ဟော်တယ်တွေနဲ့ စားသောက်ဆိုင် အများစုဟာလည်း ပိတ်ထားတာပါ။ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ခွဲထွက်ရေးအတွက် တိုက်ခိုက်နေသူတွေ အပါအဝင် ရာနဲ့ ချီတဲ့ လူတွေလည်း အခုထိ အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ Kashmir ဒေသ မြို့တော် Srinagar နဲ့ နေရာအများအပြားမှာ ဆန္ဒပြလူစုက လုံခြုံရေး ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတာပါ။

(Unicode)







ဒီသီတငျးပတျထဲမှာပဲ Kashmir ဒသေ မွို့တောျ Srinagar နဲ့ နရောအမြားအပွားမှာ ဆန်ဒပွလူစုက လုံခွုံရေး ရဲတှကေို ခဲတှနေဲ့ ပဈပေါကျခဲ့ပွီး ဆန်ဒပွခဲ့ကွတာပါ။