အိန္ဒိယ အပူလှိုင်း ရာချီသေဆုံး

အပူလှိုင်းဖြတ်နေတဲ့ နယူးဒေလီမြင်ကွင်း ( မေ ၂၄၊ ၂၀၁၃)

အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒတ်ချ်ပြည်နယ်မှာ အပူလှိုင်းဖြတ်ပြီး အပူချိန် အရမ်းမြင့်တက်နေတာကြောင့် လူအများအပြားသေဆုံးခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့ကတည်းကစပြီး အပူချိန် အလွန်ပြင်းထန်တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၇၄ ယောက်ရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ သဘာဝဘေးဒုက္ခ အန္တရာယ်စီမံခန့်ခွဲမှုဌာနက စနေနေ့မှာ ပြောပါတယ်။
အိန္ဒိယ အာဏာပိုင်တွေက သောကြာနေ့တုန်းက သေဆုံးသူ အရေအတွက်ဟာ ၈၄ ဦးရှိတယ်လို့ ဆိုခဲ့ပေမယ့်၊ သောကြာနဲ့ စနေနေ့တွေမှာသေဆုံးတဲ့သူတွေကို အတိအကျ မဖော်ပြခဲ့ပါဘူး။

အပူလှိုင်းဟာ တလန်ဂါနာ နဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တွေမှာ တနင်္လာနေ့အထိ ဆက်ပြီး ရှိနေအုံးမှာဖြစ်တယ်လို့ အိန္ဒိယမိုးလေဝသနဌာနက ခန့်မှန်းပါတယ်။
စနေနေ့တုန်းက တိုင်းတာချက်အရတော့ ဂွန်တူအားပြည်နယ် အပူချိန်ဟာ ၄၇. ၃ ဒီဂရီ စင်တီဂရိတ် နဲ့ အမြင့်ဆုံးဖြစ်ပါတယ်။ အခုလိုမျိုး အပူချိန်တွေမြင့်နေတဲ့ တချိန်တည်းမှာပဲ မီးပျက်တဲ့ဒဏ်ကို လူသန်းပေါင်းများစွာ ခံနေရပြီး၊ ရေရှားပါးတဲ့ ပြဿနာပါ ကြုံနေရပါတယ်။