အိန္ဒိယရေကြီးမှု သေဆုံးသူ ၄၅၀ နီးပါးရှိပြီ

Kerala ပြည်နယ်မှာ ရေကြီးရေလျှံမှုဖြစ်

အိန္ဒိယ နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးရသူ ဦးရေဟာ တနင်္ဂနွေနေ့အထိဆို ၄၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ရေပြန်ကျသွားတာနဲ့ အမျှ နောက်ထပ် အလောင်း ၂၈ လောင်းထပ်တွေ့ ရှိခဲ့သလို ရှင်းလင်းရေးကိုလည်း ထုနဲ့ထည်နဲ့ လုပ်နေရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

လူပေါင်း တသန်းလောက်ဟာ ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ စုပြုံ နေထိုင်နေရပြီး နောက်ထပ်ပျောက်ဆုံးသူက ၁၅ ဦးရှိတယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် နေအိမ်တွေနဲ့ လူအများသွားလာရာ နေရာတွေမှာ အမှိုက်သရိုက်တွေနဲ့ သဲတွေ ပြည့်နေတဲ့အတွက် အာဏာပိုင်တွေဟာ အကြီးအကျယ် ရှင်းလင်းရေး လုပ်ဆောင်နေရပါတယ်။

Kerala ပြည်နယ် ဝန်ကြီးချုပ် Pinarayi Vijayan ကတော့ ရေကြီးတဲ့ဒဏ်ခံခဲ့ရတဲ့ နေအိမ်ပေါင်း ၁၃၀,၀၀၀ ကျော် ဒါမှမဟုတ် ရေဒဏ်ခံရတဲ့ နေအိမ်အားလုံးရဲ့ သုံးပုံတပုံအတွက် ရှင်းလင်းရေး လုပ်နိုင်ခဲ့တယ်လို့ သူ့ Twitter မှာ ရေးပါတယ်။ ဒေသတွင်း လျှပ်စစ်မီး ပြန်လည် သွယ်တန်းနိုင်ဖို့လည်း အာဏာပိုင်တွေ လုပ်ဆောင်နေပါတယ်။

နေအိမ်ပြန်နိုင်ပြီဖြစ်တဲ့ လူထုအတွက်လည်း ရေကျပြီးတဲ့ နောက်ပိုင်း ကြုံရတတ်တဲ့ မြွေအန္တရာယ် သတိပေးချက်တွေလည်း ထုတ်ပြန်ထား ပါတယ်။ မြွေတွေ့တဲ့ အိမ်ပိုင်ရှင်တွေကို ကူညီဖို့နဲ့ မြွေဖယ်ရှားရေး အတွက် တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့တွေလည်း ဖွဲ့စည်း ပေးထားပါတယ်။

ရေကျသွားချိန်မှာ သေဆုံးသူ အရေအတွက်က တနေ့တခြား တိုးနေတာမို့ နောက်ထပ် သေဆုံးသူတွေဟာ ရေကြီးမှုနဲ့ ဆက်နွယ်မှု ရှိမရှိ စစ်ဆေးနေတယ်လို့လည်း Kerala ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ် အမျိုးသားတဦး သူ့နေအိမ် ရေဒဏ်ခံရတာကို ကြည့်ပြီး သူ့ကိုယ်သူသတ်သေခဲ့သလို အသက် ၁၉ နှစ်သားလေး တယောက်ကလည်း သူ့ ကျောင်းမှတ်တမ်းတွေ ရေစို ပျက်စီးကုန်တဲ့ အတွက် သတ်သေသွားတယ်လို့ ရဲက ပြောပါတယ်။

ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ လမ်းက မိုင် ၆,၀၀၀ ကျော်ရှိနေပြီး နေအိမ်ပေါင်း ၅၀,၀၀၀ ရေစီးနဲ့ အတူ မျောပါသွားခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယရေကြီးမှု သေဆုံးသူ ၄၅၀ နီးပါးရှိပြီ