နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အမှုဆောင် ညွှန်ကြားရေးမှူး Christine Lagarde ဟာ သူ့ရဲ့ ၈ နှစ်တာ ရာထူးသက်တမ်းကုန်ဆုံးမဲ့ စက်တင်ဘာ ၁၂ ရက်မတိုင်ခင် ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ သူ့ရဲ့နုတ်ထွက်လွှာကို တင်သွင်း လိုက်ပါတယ်။ နောက်ထပ် အမှုဆောင်ညွှန်ကြားရေးမှူးတဦး ရွေးချယ်မယ့်ဖြစ်စဉ်ကို ဆောလျင်စွာ စတင်ဆောင်ရွက်သွားမယ်လို့ အဲဒီ အင်္ဂါနေ့မှာပဲ IMF ဘုတ်အဖွဲ့က ကြေညာပါတယ်။
Christine Lagarde ဟာ ECB ခေါ် ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် လျာထားခြင်းခံရပြီးတဲ့နောက် အခုလို နုတ် ထွက်စာ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ အသက် ၆၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသား Lagarde ဟာ ဥရောပ ဗဟိုဘဏ်ရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်ပြီး ၈ နှစ်တာ တာဝန်ထမ်း ဆောင် သွားခဲ့ပြီးအောက်တိုဘာ ၃၁ ရက်နေ့မှာ ရာထူးသက်တမ်းကုန်ဆုံးမယ့် ဥက္ကဋ္ဌဟောင်း Mario Draghi ကို ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဆက်ခံမှာ ဖြစ်ပါတယ်။
IMF ရဲ့ ၁၁ ဦးမြောက် အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၁ ဇူလိုင်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ Christine Lagarde ဟာ အဲဒီရာထူးကိုထမ်းဆောင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးလည်းဖြစ်ပါတယ်။ IMF ညွှန်ကြားရေးမှူး ရာထူးကို မထမ်းဆောင်ခင် ၂၀၀၇ ကနေ ၂၀၁၁ အထိ Christine Lagarde ဟာ ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Your browser doesn’t support HTML5