စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေသလို စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေရှိတာကြောင့် ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၂ သောင်းလောက် စစ်ဘေးရှောင်နေကြရပြီး လက်ရှိမှာ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် လိုအပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်ထဲမှာဘဲ ကန့်ဘလူမြို့နယ်အတွင်းက လျော်ဖြူကုန်းရွာနဲ့ ညင့်အင်းရွာတို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။
မတ်လ ၂၉ ရက်နေ့ကတည်းက ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေဖက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကျေးရွာတွေဖက်ကို အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကျေးရွာ ၁၅ ရွာလောက်က ဒေသခံ ၂၀,၀၀၀ လောက် စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံက ပြောပါတယ်။
မြို့ပေါ်နဲ့ တခြားဒေသတွေကိုသွားပြီး စစ်ဘေးရှောင်သူတွေ ရှိပေမယ့် လက်နက်ကြီး မကျရောက်နိုင်လောက်မယ့် နေရာလောက်ကို သွားရောက်ပြီး စစ်ဘေးရှောင်နေကြရသူတွေလည်း ရှိတာကြောင့် လက်ရှိမှာ စစ်ရှောင်တွေအတွက် နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် ရိက္ခာတွေ လိုအပ်သလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက VOA ကိုခုလိုပြောပါတယ်။
“ကလေးမြို့ မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်တော့ စစ်ကောင်စီတပ်တွေဖက်က လက်နက်ကြီးတွေပေါ့နော်၊ ၃ လပိုင်း ၂၉ ရက်နေ့ကတည်းက ထုတာ အခုအချိန်ထိ လွန်ခဲ့တဲ့ ၅ မိနစ်က အထိ ထုနေတာ။ ရွာကအားလုံး ၁၅ ရွာလောက် ရှောင်ရတယ်ဗျ။ ရှောင်ရတဲ့ ဝန်းကျင်က ၂၀,၀၀၀ ဝန်းကျင်ရှိတယ်။ စစ်ဘေးရှောင် ဦးရေက ကျွန်တော်တို့ လောလောဆယ်မှာပေါ့နော် ဒီဘက်မှာ မြို့ပေါ်မှာ မတိမ်းရှောင်နိုင်တဲ့ စစ်ဘေးရှောင်တွေကပေါ့နော်၊ ဒီ နီးစပ်ရာတွေဆီ လွတ်နိုင်ချေရှိတဲ့ လက်နက်ကြီး မကျနိုင်ဘူးလို့ ထင်တဲ့နေရာတွေမှာ ရှောင်နေရတာက ၅,၀၀၀ ဝန်းကျင်ရှိတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့မှုတွေ အများကြီး လိုအပ်နေတယ်ပေါ့နော်။ စစ်ဘေးရှောင်ဦးရေ များတာကြောင့်မို့လို့ အများကြီး လိုအပ်နေတယ်။ ပြီးတော့ သူတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးဖို့ လိုတာမို့လို့ မိုးကာတွေလည်း လိုအပ်နေတယ်ပေါ့နော်။”
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေက နေအိမ်တွေ ပျက်စီးခဲ့သလို ပျဉ်းတောဦး ကျေးရွာက ဘုရားကျောင်းတစ်ခုလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာ စစ်ဘေးရှောင်တွေနေတဲ့ တောထဲက တဲတွေရှိရာကို ဧပြီ ၂ ရက် မနက် ၃ နာရီဝန်းကျင်လောက်မှာ ကောလင်းမြို့ဖက်မှာ အထိုင်ချတဲ့ စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံ ၂၀ ကျော်လောက် စစ်ရှောင်နေရာမှာ ပိတ်မိနေခဲ့ပြီး ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားသူ ၅ ဦးကို ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွတ်ပေးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပြပါတယ်။
“ကျွန်တော်တို့ မနေ့ကတုန်းက (မနက်) ၃ နာရီလောက်မှာ စစ်ဘေးရှောင်နေတဲ့ တဲတိုက်တွေကို ထိုးလိုက်တာပေါ့။ ထိုးလိုက်တဲ့ နေရာမှာ ကလေးတွေရော ပြည်သူတွေရော အိပ်နေတဲ့အချိန်ဆိုတော့ အမှတ်တမဲ့ပေါ့၊ ဖမ်းတာကတော့ ၂၀ လောက်ဖမ်းလိုက်တာ၊ ပိတ်မိလိုက်တာပေါ့ သူတို့ဝင်တဲ့ တဲတွေမှာ။ ကျွန်တော်တို့ လျှောဖြူကုန်းကျေးရွာကနေမှ ဆားတောင်ပြင်တောတိုက်ဆိုပြီးတော့မှ ကျွန်တော်တို့ စစ်ဘေးရှောင်တွေက ရွာတွေမှာ မနေရတဲ့ခါကျတော့ အဲ့ဒီမှာ ဆောက်နေရတာကိုး။ အဲ့ဒီကို ဝင်ထိုးလိုက်တာ အင်အား ၈၀ လောက်ရှိတယ်။ ဖမ်းသွားတာက အဲ့ဒီမှာ မနေ့က တုန်းက ၆ ယောက်ကတော့ ကြိုးနဲ့တုတ်ပြီးတော့မှ ရိုက်ပုတ် ညှင်းဆဲထားခဲ့တာရှိတယ်။ နောက်ကျွန်တော်တို့ အသက် ၆၀ အဖိုးကြီးတစ်ယောက်ကတော့ သူတို့က စာရင်းနဲ့လာတာဆို့တော့ သူက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဆေးလေးဘာလေးတွေ ကူညီပံ့ပိုးတာဆိုတော့ သူကိုကတော့ ဝါးလုံးနဲ့ ပေါင်ကနေပြီးတော့မှ ခြေထောက်ဆုံး လှိမ့်လိုက် နင်းလိုက်တာပေါ့။ အဲ့ဒီဟာက အခု ခြေထောက်ကို သိပ်ပြီးတော့မှ မထောက်နိုင်သေးဘူး။ နောက်ပြီးတော့မှ ရင်ဘတ်နဲ့ ကျောကို သေနတ်ဒင်နဲ့ ဆောင့်ရိုက်လိုက်တာကိုလည်း မခံနိုင်လို့ မနက်ဖြန်တော့ ဓာတ်မှန် ရိုက်ခိုင်းထားတယ်ဗျ။”
ဧပြီ ၂ ရက် မနေ့ကပဲ ထပ်ပြီးတော့ လျော်ဖြူကုန်းကျေးရွာ၊ ညင့်အင်းနဲ့ အလယ်ခုံ ကျေးရွာတို့ကို ကိုးထောင်ဘိုမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီးတော့ လျှော်ဖြူကုန်းကျေးရွာက နေအိမ် ၆၀ လောက်ကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
“ထပ်ပြီးတော့မှ မနေ့ကကိုက အိမ်ခြေ ၆၀ ပါသွားတယ်။ ထပ်ပြီးတော့ မီးရှို့လိုက်တာ။ ကိုးထောင်ဘို့ အထိုင်ကနေ ဝင်ခဲ့ပြီးတော့မှ အလယ်ခုံ ဘက်ကို ထိုးသွားတဲ့ စစ်ကြောင်းက နောက်ကြောင်း ပြန်ခေါက်ပြီးတော့မှ ကျွန်တော်တို့ရွာကို ထပ်ရှို့လိုက်တာ၊ အိမ်ခြေ ၆၀ လောက် ပါသွားတယ်။ (လက်နက်ကြီး) တစ်ရက်ကို ၃ ၊ ၄ ကြိမ်လောက်ပဲ ခုနကပဲ တဖြတ် ပစ်ပြီးသွားပြီ ဒီဖက်ကို။ စစ်ကြောင်းက ကျွန်တော်တို့ နေရာတွေကို ထိစပ်နေမြေဖြစ်နေတာဆိုတော့ အမြဲတမ်းလည်း ပစ်နေတာ၊ ရှောင်နေရတာကလည်း များတာကိုး။ မနေ့ကကျတော့ စစ်ကြောင်းက ၂ ကြောင်းဖြစ်သွားတာဆိုတော့ ပြည်သူတွေကလည်း အတော်ဒုက္ခဖြစ်သွားတာဗျ။”
ညင့်အင်း ကျေးရွာက နေအိမ် ၃၀ ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လျော်ဖြူကုန်းကျေးရွာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပါတယ်။ နေအိမ် ၃၀၀ ကျော်ရှိတဲ့ ကျေးရွာဟာ နေအိမ် ၂၀၀ ကျော် မီးရှို့ခံထားရပြီး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လျှော်ဖြူကုန်းကျေးရွာအပါအဝင် အဲ့ဒီအနီးတဝိုက်က ကျေးရွာတွေဟာ မကြာခဏ စစ်ကြောင်းတွေဝင်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ရှိသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်းရှိတာကြောင့် ရွာထဲကို မဝင်နိုင်ဘဲ တောထဲမှာ စစ်ရှောင်နေရတာဟာ တစ်နှစ်ကျော်နေပြီ ဖြစ်ပါတယ်။
ကန့်ဘလူနယ်ထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောကြပါတယ်။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေ ရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်း ရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက် တပ်ဆင်ပေးတာတွေလည်း ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5
{Unicode}