ICJ တရားရုံးရှေ့ ပြည်ပရောက် မြန်မာတွေ ဆန္ဒပြ

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးရှေ့ သွားရောက်ကန့်ကွက် ဆန္ဒပြကြသည့် မြန်မာနိုင်ငံသားများ ( Photo: Ko GarGuu, 25 FEB 2022)

ICJ တရားရုံးရှေ့ ပြည်ပရောက် မြန်မာတွေ ဆန္ဒပြ

{{Zawgyi/Unicode}}

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ သောကြာနေ့က ခုခံချေပ လျှောက်လှဲနေချိန်မှာပဲ နယ်သာလန်နဲ့ နော်ဝေနိုင်ငံရောက် မြန်မာတွေက ICJ တရားရုံးရှေ့ သွားရောက်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို မျိုးတုံးစေမယ့် Genocide ကျူးလွန်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုအတွက် စစ်ကောင်စီရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က ICJ တရားရုံးမှာ ခုခံ လျှောက်လှဲနေတာပါ။

ဒီအမှုအတွက် တရားမျှတမှု ရစေချင်တယ်လို့ ICJ ရှေ့ ဆန္ဒဖေါ်ထုတ်ပွဲမှာပါတဲ့ နော်ဝေနိုင်ငံကလာရောက်သူ အရှင် ထာဝရက မိန့်ပါတယ်။

" ဒီလိုအကြမ်းဖက်သမားတွေ ဒီလိုနေရာကို လာပြီးတော့ ဖြေရှင်းတာကိုက တရားမျှတမှုမရှိဘူးလို့ ခံစားရတဲ့အတွက်ကြောင့် တရားမျှတမှုရရှိအောင်လို့ ဘုန်းဘုန်းဒီနေရာကို ရောက်ရှိရခြင်းဖြစ်ပါတယ် ။ ဒီတော်လှန်ရေးဟာ ပြည်သူသာအဓိကဖြစ်တဲ့အတွက်ကြောင့် ပြည်သူရဲ့အဆုံးအဖြတ်ကိုသာလျှင် ဒီတရားရုံးကလည်း လက်ခံသင့်ပါတယ် "

ဒီအမှုမှာ စစ်ကောင်စီအစိုးရကို အရေးယူအပြစ်ပေးနိုင်ရေးအတွက် လာရောက်တောင်းဆိုတာလို့ နယ်သာလန်နိုင်ငံက ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုလှမြင့်က ပြောပါတယ်။

" ဂမ်ဘီယာ က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး တရားစွဲပေမယ့် မြန်မာတပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအတွက် အဲဒီရက်စက် သတ်ဖြတ်နေတာကို တရားစွဲခြင်းဖြစ်တယ်လို့ ဂမ်ဘီယာ ရဲ့ Justic Minister က ၂၃ ရက်နေ့ ပြောသွားပါတယ်။ အဲဒါကြောင့် ကျနော်တု့ိဝိုင်းဝန်းစုစည်းပြီးတော့ ဂန်ဘီယာဖက်က ရပ်တည်ပြီးတော့ မြန်မာစစ်ကောင်စီ စစ်အစိုးရကို အပြစ်ပေးနိုင်ရေးအတွက် ဒီကိုလာရခြင်း အားပေးလာခြင်းဖြစ်ပါတယ် "

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ်မှာသာမက အခြား တိုင်းရင်းသားတွေအပေါ်မှာပါ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာအတွက် အရေးယူစေချင်တယ်လို့ နယ်သာလန်နိုင်ငံက မမြင့်မြင့်ကြည်ကလည်း တိုက်တွန်းသွားပါတယ်။

" အခုလက်ရှိ ICJ ကနေပြီး မြန်မာနိုင်ငံကို တရားစွဲထားတဲ့ကိစ္စက ဒါက အစိုးရကိုစွဲတာလည်းမဟုတ်ဘူး၊ အဖွဲ့အစည်းတခုကို စွဲတာလည်းမဟုတ်ဘူး၊ လူပုဂ္ဂိုလ်တဦးတည်းကို စွဲတာလည်းမဟုတ်ဘူး။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးစွဲတာ ၊ မြန်မာပြည်မှာလည်း ရိုဟင်ဂျာတွေကို မှ Genocide လုပ်တာမဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ ဗမာနဲ့တကွ အားလုံးသောတိုင်းရင်းသား၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြကုန်တဲ့ အားလုံး တိုင်းရင်းသား ညီအကိုမောင်နှမတွေအကုန်လုံးမှာလည်း လက်ရှိမှာလည်း Genocide ပုံစံမျိုး ရွာတွေကို ဗုံးကြဲ၊ အကြမ်းဖက်နည်းနဲ့ နိုမ်နင်းပြီးတော့ ဗမာတွေနဲ့ကော တိုင်းရင်းသားတွေကော အကုန်လုံးကို လုပ်နေတဲ့အတွက်ကြောင့် ဒီမှာလာပြီး ဆန္ဒဖော်ထုတ်တာပါ "

မြန်မာပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်တည်း ကျော်လွှားနိုင်ဖို့ ပြည်တွင်းပြည်ပ ပူးပေါင်းလုပ်ဆောင်သွားဖို့ အမ်စတာဒမ်မှာ သတင်းသုံးတဲ့ အရှင်စန္ဒာဝရက မိန့်ပါတယ်။

" မြန်မာပြည်သူပြည်သားတွေအတွက် Justic ဆိုတဲ့ တရားမျှတရေး ရရှိဖို့အတွက် ဦးဇင်း တို့ရောက်လာကြတာပါ။ ညီညီညာညာ ပူးပေါင်းဆောင်ရွက်ရင် တနေ့ ဒီစစ်ကောင်စီကို တရားရုံးကို ပို့နိုင်မှာပါ။ သူတို့မိုက်ပြစ်တွေကို တရားမျှတမှုရရှိစေမယ်လို့ ဦးဇင်း တို့ယုံကြည်ပါတယ် "

ပြည်ပရောက် မြန်မာတွေက ဖေဖေါ်ဝါရီ(၂၁)(၂၃) (၂၅)ရက်နေ့တွေမှာ ICJ ရှေ့ဆန္ဒပြခဲ့ကြပြီး လာမယ့် (၂၈)ရက်နေ့မှာလည်း ဆန္ဒပြကြဦးမယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ICJ တရားရုံးရှေ့ ပြည်ပရောက် မြန်မာတွေ ဆန္ဒပြ

............................................


{{Unicode}}









