မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာနေတဲ့ ပစ္စည်း အတော်များများဟာ စံချိန်မမှီဘဲ ဖြစ်နေပြီး အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါ ဝင်ရောက်နေမို့ ဒါကို ဝိုင်းဝန်းအဖြေရှာကြဖို့ ICC WCF ကမ္ဘာ့ကုန်သည်ကြီးများအသင်း အဖွဲ့ချုပ်ရဲ့ နိုင်ငံတကာ ပစ္စည်းအတုလုပ်မှု ဆန့်ကျင်ရေး ၁၈ ကြိမ်မြောက် အစည်းဝေးမှာ မြန်မာနိုင်ငံဘက်က တင်ပြခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဗုဒ္ဓဟူးနေ့က ICC WCF (International Chamber of Commerce – World Chamber Federation) ကမ္ဘာ့ကုန်သည်ကြီးများအသင်း အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များရဲ့ အစည်းဝေးကို နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတိုင်းမှာ မိမိနိုင်ငံက ထုတ်လုပ်တဲ့ ထွက်ကုန်တွေအတွက် မိမိနိုင်ငံက ထွက်ကြောင်း အထောက်အထား CO (country of origin) ကို ဦးဆောင် ထုတ်ပေးရတဲ့ ကုန်သည်ကြီးများအသင်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြတာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ကုန်သည် စက်မှုအသင်းချုပ်မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က တက်ရောက်ခဲ့တာပါ။
ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တင်ပြနိုင်ခဲ့တာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေက ဝင်နေတဲ့ ပစ္စည်းတွေမှာ အဓိက ဆေးပစ္စည်းနဲ့ စားသောက်ဖွယ်ရာ အပါအဝင် စံချိန်မမှီဘဲ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေတယ်လို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဦးအေးလွင်က ပြောပါတယ်။
“မြန်မာနိုင်ငံတင်မဟုတ်ဘူး။ အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတွေရဲ့ အဓိကပြဿနာက နယ်စပ်ဒေသတွေမှာ ထွက်တဲ့ ထွက်ကုန်တွေက country of origin ဆိုတော့ ပင်ရင်းနိုင်ငံထွက်ပစ္စည်းတွေ၊ အတုအပတွေရှိတယ်ဆိုတဲ့အကြောင်းကို ဖိလစ်ပိုင်တို့၊ လာအိုတို့ကလည်း ရှင်းလင်းတင်ပြသလို၊ မြန်မာနိုင်ငံအနေနဲ့က နယ်စပ်ဒေသမှာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ ရှိတာကော၊ CO (country of origin) အနေနဲ့ ဘယ်လိုထိန်းချုပ်ရမလဲ။ တဘက် အိမ်နီးနားချင်းတိုင်းပြည်တွေက ထုတ်ကုန်ပစ္စည်းတွေက ကမ္ဘာ့အဆင့်အတန်းထက် ဆိုးတာထက် လူတွေ အသုံးသင့်တဲ့ အစားအသောက်တွေ၊ မသုံးသင့်တဲ့ပစ္စည်းတွေ အဆင့်အတန်းနိမ့်တဲ့ ဆေးဝါးတွေ၊ အန္တရာယ်ရှိတဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်နေတာကို country of origin ထုတ်ပေးတဲ့ နိုင်ငံတွေက ဒါကို ဘယ်လိုကြီးကြပ်မလဲဆိုတဲ့ ခေါင်းစဉ်ဘက်ကို ကျနော်ကတော့ တင်ပြလိုက်ပါတယ်။ အဲဒီအစ်ရှုးက လူတွေအများ စိတ်ဝင်စားတဲ့ အစ်ရှုးဖြစ်သွားတဲ့အတွက် ဒါကို ဒီချိန်ဘာကနေတဆင့် အာဆီယံနိုင်ငံများနဲ့ အစိုးရအဖွဲ့တွေ အစည်းအဝေးလုပ်တဲ့ တရုတ်-အာဆီယံတို့၊ အိန္ဒိယ-အာဆီယံတို့ အာဆီယံအဆင့်လုပ်တဲ့ အစည်းအဝေးတွေ တင်ပြဖို့တော့ ဒီနေ့ သူတို့ ကိစ္စရပ်တခုအဖြစ် မှတ်သားသွားပါတယ်။”
နိုင်ငံတိုင်းအတွက် ကုန်ပစ္စည်းဆိုင်ရာ အရည်အသွေး စစ်ဆေးမှုအပိုင်း အားနည်းမှုကို ကြီးကြပ်ရေးက ပြဿနာ ဖြစ်နေသလို မြန်မာနိုင်ငံမှာလည်း နိုင်ငံတွင်းထုတ်လုပ်တဲ့ ပစ္စည်းတွေအတွက် Standardization စံချိန်စံညွှန်း ညီမညီ စစ်ဆေးမှုမှာ အတော့ကို အားနဲနေသေးတယ်လို့ ထောက်ပြပါတယ်။ ဒီလိုကြီးကြပ်မှု အပိုင်းအားနည်းတဲ့ ဒဏ်ကို မြန်မာနိုင်ငံမှာ အဓိက ခံစားနေရတာမို့ အရေးတကြီး အကာကွယ်ပေးဖို့တွေ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
“တရုတ်နိုင်ငံကပစ္စည်းတွေ၊ အိန္ဒိယနိုင်ငံက ဝင်တဲ့ ဆေးဝါးတွေကလည်း အတုတွေရှိသလို၊ တခြားနိုင်ငံတွေကနေ ဝင်တဲ့ ပစ္စည်းတွေကလည်း အရည်အသွေးတွေ နိမ့်နေတာရှိတဲ့ဒဏ်ကို ကျနော်တို့ မြန်မာနိုင်ငံက ရင်ဆိုင်နေရပါတယ်။ ဒါကလည်း ကျနော်တို့ တိုင်းပြည်တွင်းမှာရှိတဲ့ လူအချို့ ကုန်သည်အချို့ဖြစ်စေ၊ တတိယနိုင်ငံက ကုန်သည်အချို့ဖြစ်စေ မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို ပြည်သူတွေက ဆင်းရဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလို ပြည်သူတွေ ဝယ်သုံးနိုင်တဲ့ ဈေးနှုန်းကို ရရှိအောင်လို့ လုပ်ရင်း ရိုးရိုးသားသား အဆင့်အတန်းနိမ့်သွားတာ ပါသလို၊ အချို့ကျတော့လည်း ဒါကို အခွင့်အရေးယူပြီးမှ တကယ့်ကို အန္တရာယ်ရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်တွေ တင်သွင်းတာကို ကာကွယ်ဖို့ မြန်မာနိုင်ငံအနေနဲ့တော့ IP Law ခေါ်တဲ့ Intellectual Property Law နဲ့ ကာကွယ်ဖို့ နောက်တခါ Competition Law ခေါ်တဲ့ ယှဉ်ပြိုင်မှုဥပဒေနဲ့ ကာကွယ်ဖို့တွေ ပြင်ဆင်နေကြောင်းကိုတော့ ဆွေးနွေးခဲ့ပါတယ်။”
မြန်မာနိုင်ငံမှာ စားသုံးသူကို အကာကွယ်ပေးဖို့ လုပ်ဆောင်မှုတွေထဲက စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးမှု၊ ဉာဏမူပိုင်ခွင့် (Intellectual Property) ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေ အားနဲမှုကြောင့် တွေ့ရနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိထားဖို့ လိုတယ်လု့ိ ပြောပါတယ်။
“Standardization အားနည်းတယ်။ IP ခေါ်တဲ့ Intellectual Property Law မရှိဘူး။ တချို့လည်း ရေးဆွဲတုန်းတန်းလန်း၊ တချို့လည်း မရေးဆွဲရသေးဘူး။ တချို့လည်း ရေးဆွဲပြီးပေမဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေ အားနည်းနေသေးတဲ့အတွက် နယ်စပ်ဒေသတွေမှာ နှစ်ဘက်ပစ္စည်းတွေကို တရားမဝင် ရောင်းချမှုတွေ များနေတာ။ အဲဒီကနေမှ မြန်မာနိုင်ငံရဲ့ ထွက်တဲ့ ပစ္စည်းတချို့ကိုလည်း အတုအပအဖြစ် တခြားနိုင်ငံရောက်သွားရင် မိမိတိုင်းပြည်ရဲ့ ဈေးကွက်ကလည်း ပျက်သွားနိုင်တယ်။ ဈေးကွက်ကို ထိသွားနိုင်တယ်။ အမှန်တကယ် ပစ္စည်း အစစ်အမှန်အနေနဲ့ ရောင်းဝယ်နေတဲ့ လုပ်ငန်းရှင်တွေအတွက်က တချိန်ကျရင် မြန်မာနိုင်ငံရဲ့ ပစ္စည်းအတုက တချို့နိုင်ငံတွေ တော်တော်များများကို ပြန့်သွားရင် ဒါ မြန်မာနိုင်ငံရဲ့ ပစ္စည်းတွေရဲ့ ဈေးကွက်ကို ထိခိုက်တာပေ့ါလေ။”
နိုင်ငံတနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုာ အဓိက အရေးပါတဲ့ မိမိနိုင်ငံထွက် ပစ္စည်းအတွက် အထောက်အထား CO (Country of Origin) ကို အခုအခါ အချိန်နဲ့ တပြေးညီထုတ်ပေးနိုင်ဖို့ မြန်မာနိုင်ငံမှာလည်း ကွန်ပြူတာစနစ်ကို သုံးတဲ့ ECO နဲ့ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ ဒီအထောက်အထားကို တချို့နိုင်ငံတွေမှာ အကောက်ခွန်ဌာနတို့လို အစိုးရအဖွဲ့အစည်းတွေက ထုတ်ပေးနေတာမျိုးတွေ ရှိနေတာမို့ ကုန်သွယ်မှုတွေကို ကိုယ်တိုင်ကိုင်တွယ်နေတဲ့ ကုန်သည်ကြီးများ အသင်းတွေကပဲ ဦးဆောင် ထုတ်ပေးဖို့ နိုင်ငံတကာ ကုန်သည်ကြီးတွေနဲ့ စက်မှုလုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5