မက္ကဆီကိုနိုင်ငံ Baja California ဒေသကို ဒီကနေ့ စနေနေ့မှာ ဝင်ရောက်တိုက်ခတ်နေတဲ့ အားပြင်း ဟာရီကိန်း Hilary ဟာ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းကို ဦးတည်တိုက်ခတ်နေပါတယ်။
လက်ရှိမှာ အဆင့် ၄ သတ်မှတ်ထားတဲ့ ဒီမုန်တိုင်းဟာ ကာလီဖိုးနီးယားပြည်နယ်ကို ဦးတည်တိုက်ခတ်နေတာမှာ Los Angeles မြို့အထိ ရောက်နိုင်ပြီး မုန်တိုင်း လမ်းကြောင်းတလျှောက် ကြီးမားတဲ့ ပျက်ဆီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အမေရိကန် မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်းဟာ ၁၉၃၉ ခုနှစ်နောက်ပိုင်း၊ ၈၄ နှစ်အတွင်း Los Angeles မြို့ကို ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခတ်မှာဖြစ်တာကြောင့် မြို့ခံတွေအနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ တာဝန်ရှိသူတွေက မနေ့ သောကြာနေ့ကတည်းက မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အမေရိကန် မိုးဇလဌာနကတော့ မုန်တိုင်းဟာ Los Angeles မြို့ကိုရောက်တဲ့အခါ အင်အားအနည်းငယ် ပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ မုန်တိုင်းဟာ တနာရီကို လေတိုက်နှုန်း ၁၃၀၊ ပြင်းအား အဆင့် ၄ အဖြစ်နဲ့ မက္ကဆီကိုနိုင်ငံအတွင်း ဖြတ်ကျော် တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။