မက်ဆီကိုပင်လယ်ကွေ့ဖက်ကနေ အမေရိကန်ပြည်ထောင်စုတောင်ပိုင်း Texas ကမ်းရိုးတမ်းဖက်ဦးတည်ရွေ့လျားနေတဲ့ Harvey မုန်တိုင်းဟာ ပိုပိုပြီး အင်အားပြန်ထန်လာနေပါတယ်။ သောကြာနေ့နှောင်းပိုင်း မုန်တိုင်းဝင်ချိန်ရောက်ရင် အရင်က အပူပိုင်းဒေသ မုန်တိုင်းအဆင့်ကနေ အင်အားပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်းအနေနဲ့ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ အမေရိကန် အမေရိကန်မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
လောလောဆယ် လေပြင်းတိုက်နှုန်း တနာရီကို ကီလိုမီတာ ၁၄၀ နီပါးဖြစ်နေပါတယ်။ အမေရိကန်ကမ်းရိုးတမ်းဒေသဖက်ကို မုန်တိုင်းဝင်ချိန်မှာ လေပြင်းတိုက်နှုန်းက တနာရီကို ကီလိုမီတာ ၂၀၀ ကျော်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေဟာ ကုန်းတွင်းပိုင်းဝင်ရောက်တာနဲ့အမျှ အင်အားလျော့သွားလေ့ရှိပေမဲ့ Harvey မုန်တိုင်းကတော့ ကမ်းရိုးတမ်းဖက်ဝင်တိုက်ပြီးတာနဲ့ ခဏငြိမ်သွားပြီး ပင်လယ်ဖက် ပြန်လှည့်သွားပြီးမှ ဒုတိယတကြိမ် ပြန်ဝင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Texas ကမ်းရိုးတမ်းဒေသ တော်တော်များများမှာ မုန်တိုင်းကြောင့် မိုးရေချိန် ၅၀ စင်တီမီတာအထိ မိုးရွာသွန်းနိုင်တယ်လို့လည်း ခန်းမှန်းထားပါတယ်။ တချို့နေရာတွေမှာတော့ လာမယ့် ၃ ရက်အတွင်း မိုးရေချိန် ၈၀ စင်တီမီတာ လောက်အထိ ရွာသွန်းနိုင်ပါတယ်။ လှိုင်းကြီးနိုင်သလို အသက်အန္တရာယ်စိုးရိမ်ရတဲ့ မုန်တိုင်းအဖြစ် ကြိုတင်မျှော်လင့်ထားနိုင်တယ်လို့ အမျိုးသား မိုးလေဝသစင်တာက ပြောပါတယ်။
Texas ပြည်နယ် ကမ်းရိုးတမ်းဒေသမှာနေကြသူတွေက မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေထုတ်ပြန်ထားပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေအနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လိုအပ်သလိုဆောင်ရွက်သွားကြဖို့ ညွှန်ကြားထားပါတယ်။
Your browser doesn’t support HTML5