ဟာရီကိန်း Dorian ပြင်းအားပိုလာ

Dorian ဟာရီကိန်းမုန်တိုင်းဒဏ် ခံနိုင်ရေး ပြင်ဆင်နေသည့် Bahamas ဒေသခံအချို့။ (သြဂုတ် ၃၁၊ ၂၀၁၉)

အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်တိုက်ခိုက်လာနေတဲ့ Dorian ဟာရီကိန်းမုန်တိုင်းဟာ လေတိုက်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ပြင်းအား အဆင့် ၅ အထိ ရောက်လာနေပြီဖြစ်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း လေ့လာစောင့်ကြည့်ရေးဌာနက ဒီကနေ့ အစောပိုင်းမှာ ပြောလိုက်ပါတယ်။

Dorian ဟာရီကိန်းမုန်တိုင်းဟာ တနာရီကို လေတိုက်နှုန်း ၂၆၀ ကီလိုမီတာရှိပြီး ကြီးမားတဲ့ အင်အားပြင်း မုန်တိုင်းကြီးတခုအဖြစ်နဲ့ ရောက်ရှိလာနေပြီ ဖြစ်တယ်လို့ အမေရိကန် ဟာရီကိန်း လေ့လာစောင့်ကြည့်ရေး အေဂျင်စီက ပြောလိုက်ပါတယ်။

လူတွေအနေနဲ့ ဒီမုန်တိုင်းကို သေချာအလေးအနက်ထားဖို့ လိုတယ်လို့ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲမှုဌာန (FEMA) ရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Peter Gaynor က Fox သတင်းဌာနကို ပြောပါတယ်။

အရေးပေါ်စီမံခန့်ခွဲရေး တာဝန်ရှိသူတွေ အနေနဲ့လည်း မုန်တိုင်းနဲ့ပတ်သက်ပြီး သမ္မတထရမ့်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို နာရီပိုင်းအလိုက် အစီရင်ခံတင်ပြနေပြီး သမ္မတထရမ့်အနေနဲ့ FEMA ရုံးချုပ်ကို ဒီကနေ့ညနေမှာ လာရောက်ဖို့ရှိနေပါတယ်။

မုန်တိုင်းဟာ အနောက်ဘက်ကို ဦးတည်ပြီး တနာရီကို ၁၃ ကီလိုမီတာလောက်နဲ့ ဆက်လက် ရွေ့လျားနေပြီး ဘဟားမားကျွန်း အနောက်မြောက်ပိုင်းက Abaco ကျွန်းစုတွေကို တိုက်ရိုက်ဝင်ရောက်တိုက်ခတ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်ကို ဦးတည်ပြီး တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ မုန်တိုင်းရဲ့ ရွေ့လျားမှုဟာ လာမယ့် ၁ ရက် ၂ ရက်အတွင်းမှာ နှေးကွေးသွားဖို့ရှိတယ်လို့ ဟာရီကိန်းစောင့်ကြည့်ရေးဌာနက ခန့်မှန်းပါတယ်။

Dorian မုန်တိုင်းဟာ ဒေသစံတော်ချိန် တနင်္ဂနွေညပိုင်းနဲ့ တနင်္လာမနက်ပိုင်းတွေမှာ Grand Bahama ကျွန်းတွေကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ မုန်တိုင်းကြောင့် မိုးရေချိန် လက်မ ၃၀ လောက် ရွာချနိုင်ပြီး ပင်လယ်ရေလှိုင်းတွေဟာလည်း ၄ မီတာကနေ ၆ မီတာလောက်အထိ မြင့်တက်လာနိုင်ဖွယ် ရှိပါတယ်။

မုန်တိုင်းရဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေတဲ့ Grand Bahama ကျွန်းနဲ့ Abaco ကျွန်းတွေမှာရှိတဲ့ လူဦးရေ ၇၃၀၀၀ နဲ့ အိမ်ခြေ ၂၁၀၀၀ ရှိနေပြီး မုန်တိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

Your browser doesn’t support HTML5

ဟာရီကိန်း Dorian ပြင်းအားပိုလာ