သမိုင်းဝင် အကြီးမားဆုံး ဟာရီကိန်းမုန်တိုင်းဖြစ်တဲ့ Dorian ဟာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာဘက်ကို ဦးတည်မထွက်ခွာခင် တနင်္ဂနွေက သူ့ရဲ့ နောက်ဆုံးရိုက်ခတ်မှုအဖြစ် ကနေဒါ အရှေ့ခြမ်းကို ဝင်ရောက်ခဲ့ပါတယ်။
ဟာရီကိန်းမုန်တိုင်း အဆင့်ကနေ အားပျော့သွားပေမယ့် ဆိုက်ကလုန်မုန်တိုင်းအဆင့် လေပြင်းအားရှိနေတဲ့ Dorian ဟာ ကနေဒါအရှေ့ပိုင်း ပင်လယ်နဲ့နီးတဲ့ ဒေသတွေနဲ့ Quebec ပြည်နယ် အရှေ့ဖျားကို မွှေနှောက် တိုက်ခတ်ခဲ့ပါတယ်။
အိမ်တွေ၊ အဆောက်အဦတွေရဲ့ အမိုးတွေ ပျက်စီးခဲ့ပြီး သစ်ပင်တွေလည်း အမြစ်ကနေ ကျွတ်ထွက် ကျိုးကျခဲ့ပါတယ်။ လူပေါင်းထောင်ချီအတွက်လည်း လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ မုန်တိုင်းကြောင့် သေဆုံးသူစာရင်း ကနေဒါမှာ မထုတ်ပြန်သေးပါဘူး။
ဒီအတောအတွင်းမှာပဲ Dorian မုန်တိုင်းဒဏ် အလူးအလဲခံခဲ့ရတဲ့ Bahamas နိုင်ငံမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နေရာပေးဖို့ Bahamas နိုင်ငံပေါ် ဖြတ်သန်းမယ့် အမေရိကန် လေကြောင်းလိုင်း အစီအစဉ်တွေကို အမေရိကန် ပြည်ထောင်စု လေကြောင်းပျံသန်းမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာန FAA ကနေ ယာယီကန့်သတ်ထားပါတယ်။ Bahama အစိုးရရဲ့ မေတ္တာရပ်ခံမှုကြောင့် အခုလို စီမံဆောင်ရွက်ခဲ့တာဖြစ်ကြောင်း FAA က ပြောပါတယ်။
Abaco နဲ့ Great Baham ကျွန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အကြီးအကဲ Mark Green ကတော့ အပျက်အစီးတွေဟာ နျူကလီးယား ဗုံးကြဲလိုက်သလိုမျိုး ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် အချိန်အတော်ကြာမယ်ဆိုတာကို သိရှိထားပြီး လတ်တလော ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အမေရိကန်ဘက်က အကူအညီပေးဖို့ Bahama အစိုးရနဲ့ အနီးကပ် လုပ်ဆောင်နေတယ်လို့လည်း Green က ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5